နှစ်ရှည်လများ ခြိမ်းခြောက်မှုများ၊ ဖိနှိပ်မှု များကြောင့် ကြောက်ရွံ့နေသော
ပြည်သူလူထုကို ဇာနူးစွမ်းအားရှင် လူမိုက်များဖြင့် ဖိအားပေး မဲထည့်စေခြင်း၊
မဲရုံအပေါက်ဝမှာ လှည့်ပြန်စေခြင်း များ အပါအ၀င်၊ မဲပြားအပိုများ
ရိုက်ထားခြင်းစသည့် နည်းလမ်းအမျိုးမျိုး အသုံးပြု
အောင်ပွဲဆင်ခဲ့ခြင်းဖြစ်သည် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အလုပ်သမားနှင့် ကျောင်းသား ဆန္ဒပြပွဲများကို ဆက်တိုက် ဆိုသလိုပင် အစိုးရက
အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ သို့သော်လည်း ယင်းသို့ ဖြိုခွင်းမှုများသည်
ဥပဒေနှင့် ညီသည်ဟု အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများက ဇာတ်တိုက်
ထားသကဲ့သို့ အကြိမ်ကြိမ် ထပ်ကာထပ်ကာ ပြောကြားနေကြသည်။
ကျောင်းသားများကို အကြမ်းဖက်မှုများအား တိုင်းရင်းသား လက်နက်ကိုင် တပ်များက
ပွင့်ပွင့်လင်းလင်း ဝေဖန် ကန့်ကွက်နေသော် လည်း နိုင်ငံရေးပါတီ အများစုက
နှာစေးနေကြသည်။ နိုင်ငံရေးပါတီများက ၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရခြင်း
သို့မဟုတ် ဖျက်သိမ်းရခြင်းမျိုး ကြုံလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများက ထိုသို့ အစိုးရိမ်ကြီး စိုးရိမ်လျက်ရှိသလို
တစ်ဖက်ကလည်း အပြင်ကြီး ပြင်လျက်ရှိသည်။ လက်ရှိ ဖြစ်ပေါ်နေသော
လောက်ကိုင်ပြဿနာ၊ အလုပ်သမား၊ ကျောင်းသား ပြဿနာများအပေါ် အစိုးရ၏
ဖြေရှင်းချက်များ သည်တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး ၂၀၁၅ ရွေးကောက်ပွဲ
မတိုင်ခင် လှမ်းနေသော ခြေလှမ်း များအနက် တစ်ခုလည်း ဖြစ်သည်။…
ရွေးကောက်ပွဲသည် ဒီမိုကရေစီ စနစ်အကူးအပြောင်းအတွက် တံခါးတစ်ချပ်၊
သော့တစ်ချောင်း ဖြစ်နိုင်သကဲ့သို့ အာဏာရှင်စနစ် ရေရှည် တည်တံ့ရေးအတွက်
မျက်နှာဖုံး တစ်ချပ်လည်း ဖြစ်ကောင်း ဖြစ်နေနိုင်သည်။
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲ မဖြစ်မနေ လုပ်ရန် လိုအပ်သည်ကား
အမှန်ဖြစ်သော်လည်း အာဏာရှင် အစိုးရအတွက် မင်းသား ခေါင်းဆောင်းတစ်ခုအဖြစ်
အသုံးချရန်လည်း လုပ်လေ့ရှိသည်။
ဟန်ပြ ရွေးကောက်ပွဲများကို အာဏာ လက်ကိုင်ထားသူ၏ တင်းကျပ်သော လုပ်ထုံးလုပ်နည်းများ အောက်တွင် လုပ်ခွင့်ပြုလေ့ရှိသည်။
မြန်မာနိုင်ငံ၏ လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ခံ
ကိုယ်စားလှယ်တို့သည် ရွေးကောက်ပွဲ ကာလအတွင်း မဲဆွယ်စည်းရုံးရာတွင်
လွှတ်တော်၊ အစိုးရနှင့် တပ်မတော်တို့ကို ဝေဖန် ပြောဆိုခွင့် မရှိဆိုသည့်
စည်းကမ်းချက်မျိုးသည် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပလေ့ရှိသည့်
နိုင်ငံများတွင် မမြင် မတွေ့ရဖူးသော စည်းကမ်းချက်မျိုး ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ဟန်ပြရွေးကောက်ပွဲများနှင့် အာဏာရှင်များ၏
လုပ်ရပ်များကား နိုင်ငံတကာ မျက်နှာစာတွင် သိသာ ထင်ရှားစွာ ဘွားခနဲ
ပေါ်လာရစမြဲသာဖြစ်သည်။ အဆိုပါ ဥပမာကို ထင်ရှားစွာ ဖွင့်လှစ် ပြသနိုင်သည့်
နိုင်ငံများတွင် ဇင်ဘာဘွေသည် ထိပ်ဆုံးက ပါဝင်နေပြီး ဇင်ဘာဘွေနိုင်ငံ၏
အကြီးအကဲ ရောဘတ် မူဂါဘီသည် လက်ရှိ ၁၀ စုနှစ်နှစ်ခု၏ အာဏာရှင်များ
စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။
ဇင်ဘာဘွေနိုင်ငံသည် ၂၀၀၈ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၁၃၀၀၀၀၀၀၀၀၀
ရာခိုင်နှုန်းအထိ ရောက်ခဲ့ပြီး ဇင်ဘာဘွေဒေါ်လာ ၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ တန်
ငွေစက္ကူထုတ်ခဲ့ရသည်။ အလုပ်လက်မဲ့ ၉၅ ရာခိုင်နှုန်းအထိ ရှိနေပြီး လူဦးရေ ၁၂
သန်း ရှိသည့် နိုင်ငံတွင် ၃ သန်းခန့်မှာ နိုင်ငံခြားထွက် အလုပ်လုပ် ကြရသည်။
(မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းနှင့် ငွေကြေးဖောင်းပွနှုန်းမှာ
ထိုမျှမရှိသော်လည်း နိုင်ငံတကာတွင် အဆိုးရွားဆုံး စာရင်းများတွင်
ပါဝင်နေဆဲဖြစ်သည်)
၂၀၀၈ ခုနှစ် မတ်လ ပါလီမန် ရွေးကောက်ပွဲတွင် ရှဗန်ဂီရိုင် ခေါင်းဆောင်သည့်
အတိုက်အခံ အမ်ဒီစီပါတီက ၉၉ နေရာ၊ မူဂါဘီ ခေါင်းဆောင်သည့် အစိုးရပါတီ
ဇာနူး-ပီအက်ဖ်က ၉၇ နေရာ၊ အမ်ဒီစီ ခွဲထွက်အဖွဲ့က ၁၀ နေရာ ရခဲ့ပြီး သမ္မတ
ရွေးကောက်ပွဲတွင် ရှဗန်ဂီရိုင်က ၄၇ .၉ ရာခိုင်နှုန်း၊ မူဂါဘီက ၄၃ .၂
ရာခိုင်နှုန်း ရခဲ့သော်လည်း မဲ ၅၀ ရာခိုင်နှုန်း မရဟုဆိုကာ ဒုတိယအကျော့
ရွေးကောက်ပွဲ ထပ်မံပြုလုပ်စေခဲ့သည် အတိုက်အခံ ရှဗန်ဂီရိုင်သည် ၅၀.၃
ရာခိုင်နှုန်း ရခဲ့သော်လည်း မူဂါဘီက မဲလိမ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကျော့
ရွေးကောက်ပွဲ ကို အတိုက်အခံပါတီက သပိတ်မှောက်ခဲ့သည်။
ရွေးကောက်ပွဲကာလအတွင်း မူဂါဘီ၏ပါတီနှင့် လုံခြုံရေးများက အတိုက်အခံနှင့် ပြည်သူလူထု ၂၀၀ ကျော်ကို သတ်ခဲ့သည်။
အတိုက်အခံပါတီ သပိတ်မှောက် ထားသဖြင့် တစ်ဦးတည်းပြိုင်ကာ ၈၅
ရာခိုင်နှုန်းကျော် မဲရပြီး သမ္မတ ဖြစ်လာသော်လည်း အဘက်ဘက်က ဖိအားများ
ကြုံနေရသည့် အာဏာရှင် မူဂါဘီသည် ၂၀၀၈ စက်တင်ဘာ ၁၅ ရက်တွင် အာဖရိက
တောင်ပိုင်းအသင်း၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် အာဏာခွဲဝေရေး သဘောတူ
စာချုပ်ကို လက်မှတ် ထိုးခဲ့သည်။ သို့သော် လက်မှတ်ထိုးပြီး တစ်လအကြာတွင်
ဇင်ဘာဘွေ စစ်တပ်က နိုင်ငံပိုင် စိန်တွင်းကို အဓမ္မ၀င်ရောက်
သိမ်းပိုက်ခဲ့သည်။
၂၀၀၉ ဖေဖော်ဝါရီလတွင် အမျိုးသား ညီညွတ်ရေး အစိုးရ၌ မူဂါဘီက သမ္မတ၊
ရှဗန်ဂီရိုင်က ၀န်ကြီးချုပ်၊ ဇာနူး-ပီအက်ဖ်ပါတီက ကာကွယ်ရေး၊ လုံခြုံရေး၊
နိုင်ငံခြားရေး၊ တရားရေး၊ ရဲ၊ အကျဉ်းဦးစီး၊ ထောက်လှမ်းရေး စသည့်ဌာနများ၊
အမ်ဒီစီက ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး၊ အခြေခံ ဥပဒေရေးရာ စသည့်
ဝန်ကြီးနေရာများရပြီး ပြည်ထဲရေးဝန်ကြီးနေရာတွင် တစ်ပါတီကို
တစ်ဦးနှုန်းနှင့် ပြည်ထဲရေးဝန်ကြီး ၂ ဦး ထားရှိခဲ့သည်။
မကြာခင်မှာပဲ မူဂါဘီက အမ်ဒီစီ ပြန်ကြားရေး ၀န်ကြီးကို ဖြုတ်ပစ်ပြီး
အမ်ဒီစီပြည်နယ် အုပ်ချုပ်ရေးမှူးများကို အသိအမှတ်မပြု၊အာဏာ
လွှဲမပေးခဲ့သည့်အပြင် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ရှေ့နေချုပ် နေရာများကိုလည်း ဇွတ်
အတင်း ရယူခဲ့သည်။
(အာဏာရှင်တို့သည် အာဏာ ခွဲဝေမှုကို ဟန်ပြသာ လုပ်လေ့ရှိသည်။)
ကောင်းကွက်အဖြစ် သတ်ဖြတ်ခြင်းများ လျော့နည်း သွားသည့်ပြင်
အခြားအကြမ်းဖက်မှုများ၊ ဖမ်းဆီး ထောင်ချမှုများ ယခင်ထက် လျော့နည်းသွားပြီး
ဖမ်းလျှင်လည်း ခဏနှင့်ပြန်လွှတ် သို့မဟုတ် အာမခံ ပေးခဲ့သည်။
(မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်လျင်လည်း ထိုအတိုင်းဖြစ်နေသည်။ အလုပ်သမား၊
လယ်သမား၊ ကျောင်းသားများ၏ ဆနပြမှုများကို တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့်
ပြု လုပ်ခြင်းဖြစ်သည်ဟု ဆိုကာ ပြည်ထောင်စု အစိုးရက မသိကြောင်း
တွင်တွင်ငြင်းနေခဲ့သော်လည်း တစ်ဖက်တွင် ဥပဒေနှင့်အညီဟု ပြောဆိုနေခဲ့သည်။
ယခင်က အကြောင်းပြချက်မဲ့ ဖမ်းခဲ့သော်လည်း ယခုအခါ အကြောင်းပြချက်
မခိုင်လုံလျှင် မဖမ်းဆီးတော့ပေ။)
၂၀၀၉ ဇူလိုင်လမှာ ဘီဘီစီနှင့် စီအန်အန် သတင်းဌာနများကို
ဖွင့်ပေးလိုက်ခြင်း၊ ဖေဖော်ဝါရီလတွင် အတိုက်အခံ ခေါင်းဆောင် ဘီတီကို
နိုင်ငံတော် သစ္စာဖောက်မှုနှင့် တရားစွဲထားခြင်းကို ပလပ်လိုက်ခြင်း၊
ကမ္ဘာ့ဒုက္ခသည်များနေ့ ဆန္ဒပြပွဲတွင် အမျိုးသမီး ၄ယောက် ဖမ်းဆီးခံရပြီး
ကိုယ်ထိလက်ရောက် စော်ကား ခံရမှုကို ဇူလိုင်လတွင် တရားရုံးက စုံစမ်း
စစ်ဆေးခိုင်းခြင်း၊ အောက်တိုဘာလတွင် လူ့အခွင့်အရေး လှုပ်ရှားသူ ၈ ယောက်ကို
တရားသေ လွှတ်လိုက်ခြင်း၊ ၂၀၁၀ မေလတွင် အမ်ဒီစီအမတ် ရွိုင်ဘင်းနက်ကို
နိုင်ငံတော် သစ္စာဖောက်မှုနှင့် စွဲထားရာက တရားသေ လွှတ်ပေးခြင်းတို့သည်
အပြောင်းအလဲဟု ထင်ရရုံ သင်္ကေတများဖြစ်သည်။ (မြန်မာနိုင်ငံတွင်လည်း
ထိုသို့သော သင်္ကေတများ ရှိခဲ့သည်။)
၂၀၀၉ နှစ်ဆန်းတွင် ဇင်ဘာဘွေ ဒေါ်လာကို တရားဝင်ဖျက်သိမ်း လိုက်ပြီး
တောင်အာဖရိကငွေနဲ့ အမေရိကန် ဒေါ်လာများနှင့် အစားထိုး သုံးစွဲလိုက်သည့်အတွက်
စီးပွားရေး တိုးတက်လာသကဲ့သို့ ယခင်က ပိတ်ဆို့ ထားသည့် နိုင်ငံတကာ
အထောက်အပံ့များ ပြန်ဝင်လာခြင်းကြောင့်လည်း စီးပွားရေး အနည်းငယ် အဆင်ပြေ
လာသည်။ (မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာကို တရားဝင်
သုံးစွဲခွင့်ပြုလိုက်ခြင်းနှ င့် နိုင်ငံတကာ ချေးငွေများ လျှော်ပစ်ခြင်း၊
ပိတ်ဆို့ထားသော ဆန်ရှင်များ ဖွင့်လိုက်ခြင်းကြောင့် စီးပွားရေးတိုးတက်နှုန်း
မြင့်တက်လာသည့် အခြေအနေနှင့် ထပ်တူဖြစ်သည်။)
သို့သော်လည်း ၂၀၀၉ ခုနှစ်တွင် အတိုက်အခံပါတီ အမတ်များကို
စွပ်စွဲဖမ်းဆီးထောင်ချမှုများ ဆက်လက် ပြုလုပ်ခဲ့သည်။ ထို့ပြင်နှစ်ဖက် သဘောတူ
စာချုပ်အရ အခြေခံဥပဒေသစ်ဆွဲရန် ဆွေးနွေး ညှိနှိုင်းတာကိုလည်း ဇာနူး-ပီအက်ဖ်
စွမ်းအားရှင်များက ရဲဝန်ထမ်းများ ရှေ့မှောက်တွင်ပင် အကြမ်းဖက်ဖြိုခွဲ
ပိတ်ပင်ခဲ့သည်။
(မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ၄ ပွင့်ဆိုင် သဘောတူညီမှုကို
ဖောက်ဖျက်ပြီး ကျောင်း သား များကို ရဲဝန်ထမ်းများ ရှေ့တွင်ပင် လက်ပတ်နီဝတ်
စွမ်းအားရှင်များက ရိုက်နှက်ခဲ့သည်။ အလုပ်သမား ဆန္ဒပြမှုများတွင်လည်း အလားတူ
ဖြေရှင်းခဲ့သည်)
အတိုက်အခံပါတီတင်မက လူ့အခွင့်အရေး အဲန်ဂျီအိုအဖွဲ့ဝင်များကို ဖမ်းဆီးခြင်း
လွတ်လပ်သည့် သတင်းစာများ ထုတ်ဝေခွင့် မရအောင် အမျိုးမျိုး ညစ်ခြင်းတွေ
ပြုလုပ်ခဲ့သည်။ ၂၀၀၉ သြဂုတ်လတွင် ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ၄ ဦးကို
တရားဟောနေစဉ် ဖမ်းခဲ့သည်။ သပိတ်မှောက်ရာတွင် ပါဝင်ခဲ့သည့် ကျောင်းဆရာ
ဆရာမများကို ရိုက်နှက်၊ ခြိမ်းခြောက် နှောင့်ယှက်ခြင်းများ တောက်လျှောက်
လုပ်ခဲ့သည်။ လယ်ယာလုပ်သား သမဂ္ဂအတွင်းရေးမှူးအိမ်ကို စွမ်းအားရှင်များ
ဝင်စီးခဲ့သည်။ လူ့အခွင့်အရေး ရှေ့နေများကို ဖမ်းဆီးခြင်း၊ မှန်မှန်ကန်ကန်
ဆုံးဖြတ်သည့် တရားသူကြီးများကို ဖမ်းဆီးခြင်း၊ အလွတ် သတင်းထောက် မူဆင်ဂီကို
ဗီအိုအေကလွှင့်သည့် မြေသိမ်းမှု သတင်းကြောင့် ဖမ်းခဲ့သည်။ ၂၀၀၉ မေတွင်
လူ့အခွင့်အရေးနှင့် နိုင်ငံရေး လှုပ်ရှားသူ ၁၈ ယောက်ကို အကြမ်းဖက်မှု
ပုဒ်မတပ် ထောင်ချခဲ့ပြီး တရားရုံးသတင်း ဖော်ပြခဲ့တဲ့ ဇင်ဘာဘွေ လွတ်လပ်ရေး
စာစောင်အယ်ဒီတာ ချီမာကုရီနဲ့ ကာဟိယတို့ကို မေ ၁၁ ရက်မှာ နိုင်ငံတော်
အကြည်ညို ပျက်စေမှုနဲ့ ဖမ်းဆီး တရားစွဲခဲ့သည်။
(မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့ နေရသော အဖြစ်အပျက်များနှင့် တစ်ထပ်တည်း
ကျနေသည် ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် မီဒီယာများ
ဖမ်းဆီးထောင်ချခြင်း၊ အတိုက်အခံအများကို အကြမ်းဖက် ပုဒ်မများတပ်
အရေးယူခြင်းတို့ကိုကြည့်ပြီး သိနိုင်ပေသည်။)
မူဂါဘီသည် ဇာနူး-ပီအက်ဖ် စွမ်းအားရှင် တစ်သောင်းကို လူငယ်ဖွံ့ဖြိုးရေး
ဝန်ကြီးဌာန ၀န်ထမ်းများအဖြစ် လစာ ပေးထားခြင်းများ အောက်တိုဘာလတွင်
ပေါ်ထွက်လာသည်။
(မြန်မာနိုင်ငံမှ စွမ်းအားရှင်များကို မည်သူက မည်သို့ ထောက်ပံ့ထားသည်က ပေါ်ထွက်မလာသေးပါ)
အခြေခံဥပဒေရေးဆွဲရေး လူထုဆွေးနွေးပွဲများကို ဇာနူး-ပီအက်ဖ်
စွမ်းအားရှင်များက အကြမ်းဖက်ခြင်း၊ အမ်ဒီစီပါတီဝင်များ လူ့အခွင့်အရေး
လှုပ်ရှားသူများကို ဖမ်းဆီးတရားစွဲခြင်း၊ အိုးအိမ်မြေယာ ဖျက်ဆီးမှုများ
စသည်တို့မှာ ၂၀၁၀ ပြည့်နှစ်အတွင်း အကြိမ် ၁၀၀၀ ကျော်ရှိခဲ့ပြီး
အမျိုးသမီးအရေး လှုပ်ရှားသူ ၈၃ ယောက် ဖမ်းခံရပါတယ်။ အခြေခံဥပဒေ
ဆွေးနွေးပွဲကို ဇာနူးစွမ်းအားရှင်များ တိုက်ခိုက်ရာတွင် တစ်ဦးသေခဲ့သည် အထိ
ဖြစ်သည်။
၂၀၁၁ ခု ဖေဖော်ဝါရီ ၂၁ ရက်မှာ အာရပ် အုံကြွမှု လေ့လာရေး ဆွေးနွေးပွဲကို
ပုလိပ်တွေက စီးနင်းပြီး အစည်းအဝေး တက်သူ ၄၆ ယောက်ကို ဖမ်းခဲ့ပြီး။ မတ်လ ၁
ရက်နေ့မှာ လူတစ်သန်းချီတက် ဆန္ဒပြဖို့ လှုံ့ဆော်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၆
ရက်ကစပြီး ရဲများကို အင်အား အလုံးအရင်းနှင့် မြို့တွင်း၌ချထားပြီး ၂၈
ရက်နေ့တွင် ညမထွက်ရ အမိန့်ထုတ်ခဲ့သဖြင့် ချီတက်ပွဲ မဖြစ်မြောက်ခဲ့ပေ။
(ဇင်ဘာဘွေနိုင်ငံတွင် ဖြစ်ပျက်သမျှ နမူနာများ မြန်မာနိုင်ငံတွင်လည်း
ဆင့်ကဲဆင့်ကဲ ဖြစ်ပျက်လာနေ သည်ကို မြင်တွေ့နေရတာ အင်မတန်မှကို အံ့သြစရာ
ကောင်းလွန်းလှပေသည်။)
ဤသို့ အကြမ်းဖက်မှုများ ဆင့်ကဲဆင့်ကဲ ပြုလုပ်ခဲ့သည့် အကျိုးဆက်အဖြစ်
ဇင်ဘာဘွေနိုင်ငံ၏ ၂၀၁၃ ရွေးကောက်ပွဲတွင် အသက် ၈၉ နှစ်အရွယ် မူဂါဘီကပင်
သတ္တမအကြိမ်မြောက် အောင်ပွဲဆင်ခဲ့သည်။
နှစ်ရှည်လများ ခြိမ်းခြောက်မှုများ၊ ဖိနှိပ်မှုများကြောင့် ကြောက်ရွံ့နေသော
ပြည်သူလူထုကို ဇာနူး စွမ်းအားရှင် လူမိုက်များဖြင့် ဖိအားပေး
မဲထည့်စေခြင်း၊ မဲရုံအပေါက်ဝမှာ လှည့်ပြန်စေခြင်းများ အပါအ၀င်၊
မဲပြားအပိုများ ရိုက်ထားခြင်းစသည့် နည်းလမ်းအမျိုးမျိုး အသုံးပြု
အောင်ပွဲဆင်ခဲ့ခြင်းဖြစ်သည်။
(ယခုပုံစံ၊ ယခုလမ်းကြောင်း အတိုင်းသာဆိုပါက ၂၀၁၅ ရွေးကောက်ပွဲ
နီးလာသည်နှင့် အမျှ ပြည်သူ လူထု အကြောက်တရား ကြီးမားမှု ဖြစ်လာနိုင်စရာ
အကြောင်းတရားများ သို့တည်းမဟုတ် မူဂါဘီကဲ့သို့ ငရဲခွေးကြီးများ၏ သွားဖြဲ
ခြိမ်းခြောက်မှုများ ရှိလာပေလိမ့် မလားဟု စိုးရိမ်နေရပေတော့ သည်)
ကျော်ကျော်မင်း
မြန်မာသံတော်ဆင့်သတင်းဌာန –
https://www.facebook.com/myanmarherald