လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)
Showing posts with label မြန်မာသတင်း. Show all posts
Showing posts with label မြန်မာသတင်း. Show all posts

August 14, 2015

Myanmar Blogger Familyမှ ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေးတွင် ကူညီပေးနိုင်ရန်


Myanmar Blogger Familyမှ ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေးတွင် ကူညီပေးနိုင်ရန် အစီစဉ်လေးတခုလုပ်ထားပါတယ်။
=====================================================
ပြည်တွင်းပြည်ပ ဘလော့ကာများဦးဆောင်ထားပီး အိုင်တီမောင်နှမများစုပေါင်းကာ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကို ကူညီနိုင်ရန် အလှူငွေများကောက်ခံပါမည်။ အလှူငွေကောက်ခံရာတွင် မြန်မာဘလော့ကာများနှင့် အိုင်တီမောင်နှမများမှ မိမိတတ်စွမ်းသော ပညာရပ်များဖြင့်အမျာရပြည်သူအား ပြန်လည်မျှဝေပြီး စေတနာသဒ္ဒာ ထက်သန်သလောက် လှူပေးကြပါရန်မေတ္တာရပ်ခံပါသည်။
Donate for our MBF service
-Blog နှင့်ပတ်သက်ပြီး မည်သည့်အခက်အခဲမဆို လာရောက်ဆွေးနွေးဖြေရှင်းနိုင်ပါတယ်။
- မိမိတို့အတွက် အမှန်တကယ်လိုအပ်သော Data များကို လာရောက်မျှယူနိုင်ပါတယ်။
- မိမိတို့ရဲ့ computer ပြဿနာများကို လာရောက်ဆွေးနွေးဖြေရှင်းနိုင်ပါတယ်။
-မိမိတို့ရဲ့ Mobile Phone ပြဿနာအသေးစားများ လာရောက်ဖြေရှင်းနိုင်ပါတယ်။
-Blog, Computer, Mobile,Programming, Web design စသည့် Ebookများကို လာရောက်မျှယူနိုင်ပါတယ်။

အထက်ဖော်ပြပါ Serviceအတွက် ကညီပေးနိုင်မယ့်သူများ ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

=ဖုန်းပိုင်း ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်သူ
=ကွန်ပျူတာပိုင်း ကူညီဖြေရှင်းပေးနိုင်သူ
=အလွတ်တန်းအလှူခံပေးနိုင်သူများ ကျနော်တို့ အဖွဲ့ကို ဆက်သွယ်ပေးကြပါ
နေ့ရက်== သောကြာ၊ စနေ  မနက် ၉ နာရီစတင်ပါမယ်
နေရာ == လှည်းတန်းကုန်းကျော်တံတား
ပညာအား  လုပ်အား ပါဝင်ကူညီလိုသော မိတ်ဆွေများ မိသားစုဝင်များ မန်ကဖြန် နံနက် ၉ နာရီတွင် သတ်မှတ်သောနေရာတွင် ရောက်ရှိစုစည်းကြရန် တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်...
MBF ပရဟိတမိသားစာ ကိုယ်စား
ဘလော့ခရီးသည်

August 09, 2015

ရေကြီးလို့ မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးတိုင်းထဲက အိမ်ခြေ ၆ သောင်းကျော် ရွှေ့ပြောင်းခဲ့ရ



 မုတ်သုံရာသီ ရေကြီးမှု တွေဟာ မြန်မာ နိုင်ငံ ရဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲ က ၁၂ ခု မှာ ဆိုးဆိုးရွားရွား ပေါ်ပေါက် လာခဲ့ပြီး လူပေါင်း ၅ သိန်း ၉ သောင်း နီးပါး အသက်ရောက် ခံရတယ်။
 ဧရာဝတီ မြစ်ဝ ကျွန်းပေါ် နဲ့ ပဲခူး တိုင်း ဒေသ ထဲ မှာ ရေကြီး မှု ကြောင့် အိမ်ခြေ ပေါင်း ၆ သောင်း ၁ ထောင် ကျော် ရွှေ့ပြောင်း ခဲ့ရပြီး ဖြစ်တယ် လို့ မြန်မာ နိုင်ငံ ထဲ က ကုလသမဂ္ဂ ရဲ့ ကယ်ဆယ်ရေး ဆိုင်ရာ ညှိနှိုင်းရေး ရုံး UNOCHA က ထုတ်ပြန် ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ထဲ မှာ လည်း ရေကြီးမှု တွေ အပြီး ပြုလုပ်ခဲ့တဲ့ ရှေးဦး စမ်းစစ်မှု တွေ အရ စပါး စိုက်ပျိုးရေး လုပ်ငန်း အပြင်းအထန် ထိခိုက် သွားခဲ့ ရတာ ကို တွေ့ရှိ ခဲ့ရပြီး၊ သောက်သုံးရေ ရရှိရာ တွင်း တော်တော် များများ လည်း ပျက်စီး သွားခဲ့ကြောင်းသိထားရတယ် လို့လည်း UNOCHA ကနေ နောက်ဆုံး ထွက်လာတဲ့ အစီရင်ခံစာ ထဲ မှာ ပါဝင်ပါတယ်။

မြန်မာ့ ရေဘေး အတွက် တုန့်ပြန် ဆောင်ရွက် ဖို့ အလိုအပ်ဆုံး နေရာတွေ မှာ လုပ်ငန်းတွေ စတင် နိုင်ဖို့ ကုလ သမဂ္ဂ ရဲ့ အရေးပေါ် တုန့်ပြန်ရေး ရံပုံငွေ ထဲက အမေရိကန် ဒေါ်လာ ၉ သန်း ချ ပေး လိုက် တယ် ဆိုပြီး တော့ လည်း UNOCHA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဂျူလိုင် လလည် က စလို့ ဖြစ်ပေါ် လာခဲ့တဲ့ မုတ်သုံရာသီ ရေကြီးမှု တွေဟာ မြန်မာ နိုင်ငံ ရဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲ က ၁၂ ခု မှာ ဆိုးဆိုးရွားရွား ပေါ်ပေါက် လာခဲ့ပြီး လူပေါင်း ၅ သိန်း ၉ သောင်း နီးပါး အသက်ရောက် ခံရတယ် လို့ အစိုးရ ရဲ့ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာ ချထားရေး ဦးစီးဌာန ရဲ့ လတ်တလော ထုတ်ပြန် ချက် ကို ကိုးကားပြီး UNOCHA ရဲ့ အစီရင်ခံစာ ထဲ မှာ ရေးသား ထားပါတယ်။

အလိုအပ်ဆုံး ဖြစ်နေတဲ့ လူသားခြင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီ တွေ ကတော့ အသက်ကယ် အစားအသောက် နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ အပါအဝင်၊ နေထိုင်စရာ နေရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ တကိုယ်ရည် သန့်ရှင်းမှု ရှိနိုင်စွမ်း နဲ့ အမျိုးသမီး နဲ့ ကလေးသူငယ် တွေ လိုမျိုး ထိခိုက် လွယ်တဲ့ အုပ်စုတွေ အပေါ် စိတ်ပိုင်း ရုပ်ပိုင်း အကာအကွယ်ပြုမှု တွေပဲ ဖြစ်တယ်လို့ UNOCHA က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကလေးမြို့ရေဘေး သဲနုန်းတွေကြောင့် နေအိမ်တွေ ပျက်စီး



ကလေးမြို့ နယ် ဇင်းကလင်းရွာ ရေလျှံအပြီး ရေကျချိန်မှာ နွံက မြင်တဲ့အတိုင်း တင်ကျ န်နေတယ်၊ ဓါတ်ပုံ - Thant Wai Kyaw (fb)
ဇင်းကလင်းရွာက ဘုရားကိုသေချာကြည့်ပါ အုတ်တံတိုင်းအမြင့် နွံနစ်နေတာ မြေပေါ် တစ်ပေလောက်ပဲကျန်ပါတယ်၊ ကနဦးအမြင့်ပေ ၅ပေခန့်မြင့်တယ်လို့ဒေသခံကပြောပါတယ်။ ဓါတ်ပုံ - Thant Wai Kyaw (fb)
 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်မြို့လုံးနီးပါး ရေကြီးခဲ့ရာမှာ အခုရေပြန်ကျ သွားပြီဖြစ်ပေမယ့် ရေနဲ့အတူပါလာတဲ့ နုန်းမြေတွေကြောင့် အတော်များများ အိမ်တွေပျက်စီးသွားခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ် သဲကုန်းတန်းရွာမှာဆိုရင် သဲတွေ၊ နုန်းတွေဟာ အိမ်တွေထဲအထိ ရောက်နေပြီး အိမ်အသစ်ပြန်ဆောက်ဖို့ လိုအပ်တဲ့အထိ ဆိုးဝါးနေတယ်လို့ ရေဘေးကူညီပေးနေတဲ့ ကလေးမြို့ က နေသာဆရာတော် ဦးဓမ္မိက က မိန့်ကြားပါတယ်။

"သဲကုန်းတန်းဆိုတဲ့ရွာဆိုရင် နှစ်ထပ်အိမ်ဆိုရင် တစ်ထပ်မြုပ်တာပေါ့ဗျာ၊ တစ်ထပ်အိမ်ဆိုရင်တော့ တံစက်မြိတ်လောက်ရောက်တာပေါ့၊ ဒါကတော့ ဘယ်လိုမှမတက်နိုင်တော့ဘူးလေ အိမ်အစားထိုး ဆောက် ဖို့ပဲရှိတာပေါ့၊ များသောအားဖြင် အဲ့ဒီလိုမမြုပ်ရင်တောင်မှ အိမ်တွေပေါ်မှာတော့ တစ်ပေ နှစ်ပေကတော့ ပုံမှန်ရှိကြတယ် ရေတက်တဲ့နေရာတွေပေါ့၊ အခုက ရေဘေးထက် ရွှံ့ဘေးကပိုခက်တယ်၊ ရေစုပ်စက်ရှိတဲ့လူက အနည်းစုပေါ့ဗျာ၊ မြို့ပေါ်မှာတော့ အဲ့ဒါမျိုး သူတို့လုပ်နိုင်ကြတယ်၊ အများစုကတော့ဒီအတိုင်းပဲ ကိုယ့်ရှိတာလေး နဲ့ ကြံဖန်ပြီးလုပ်နေကြရတယ်"

ကလေးမြို့ပတ်ဝန်းကျင်က စွယ်တော်ဦး၊ သဖန်းအိုင်၊ ပြင်သာ၊ ရေလဲဦး စတဲ့ရွာတွေမှာလည်း သဲနုန်းတွေဟာ အိမ်တွေထဲအထိ ပြည့်နေတာကြောင့် နေထိုင်ဖို့ မလွယ်ကူဘူးလို့ သိရပါတယ်။

ကလေးမြို့ပေါ်ရပ်ကွက်တွေမှာဆိုရင်လည်း တိရိစ္ဆာန်တွေ အတော်များများ ရေနစ်သေဆုံးခဲ့ကြပြီး အပုပ်နံ့တွေ ထွက်နေတဲ့အတွက် ထုံးမှုန့်တွေ လိုက်ဖြူးနေရပါတယ်။ လယ်မြေတွေမှာဆိုရင်လည်း သဲတွေ၊ နုန်းတွေ ဖုံးလွှမ်းသွားခဲ့အတွက် ပိုင်ရှင်တွေကိုယ်တိုင်တောင် ကိုယ့်လယ်ကွက်တွေကို မမှတ်မိတော့ဘူးလို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရေဘေးကြောင့် ဒုက္ခသည် ၆ သိန်းရှိပြီ



ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘုန်း ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ရေဘေးဒက္ခသည်များ။
 မြန်မာနိုင်ငံတဝှမ်းမှာ ရေဘေးဒုက္ခသည်ပေါင်း ၆ သိန်းကျော်ရှိသွားပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အခုချိန်ထိ ရေဘေးဒဏ်ကြောင့် သေဆုံးခဲ့သူ ၁၀၀ နီးပါးရှိတဲ့အထဲက ထက်ဝက်ကျော်ဟာ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က အကြောင်းစုံကို တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း ရေဘေးဒဏ်သင့်နေတဲ့ ပြည်နယ်နဲ့တိုင်း ၁၂ ခုမှာ အခုဆိုရင် ရေဘေးဒုက္ခသည်စုစုပေါင်း ၆ သိန်း ကျော် ရှိသွားပြီလို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်တာပါ။ ရေဘေးကြောင့် သေဆုံးခဲ့ရသူ ၁၀၀ နီးပါးရှိ သွားပြီလို့လည်း လူမှုဝန်ထမ်း ကယ်ဆယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“ရေဘေးသင့်တဲ့ပြည်သူ ၆ သိန်းကျော်လောက် ရှိတယ်။ ရေဘေးသင့်ဆိုတာ ရေကြီးတဲ့ဒေသမှာရှိတဲ့ပြည်သူတွေကို ပြောတာပေါ့နော်။ အမှန်မှာ ပြောင်းရွှေ့တာဆိုရင် တသိန်း ၂ သောင်းကျော်ပဲရှိတယ်။ ဒီနေ့စာရင်းကတော ညနေမှ မိုးချုပ်လောက်မှရတာ။ သေဆုံး (၉၆) ယောက်၊ တနိုင်ငံလုံးကလေ။ ရခိုင်ပြည်နယ်ဆိုလို့ရှိရင် (၅၆) ယောက်ပါ။ စစ်ကိုင်းတိုင်းမှာဆိုရင် (၇) ယောက်။ မကွေးမှာ (၂) ယောက်။ ကချင်မှာ (၁) ယောက်၊ ရှမ်းမှာက (၆) ယောက်။ နောက် မန္တလေးမှာ ၁၁ ယောက်။ ချင်းမှာက (၄) ယောက်။ ပဲခူးဘက်မှာက (၂) ယောက်ပေါ့- သေဆုံးပေါ့။”

အိမ်ခြေ ၁၈၀ လောက်ရှိတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် နားပဲ့ချောင်းကျေးရွာမှာ လူအသေအပျောက်မရှိပေမယ့် ဘေးပတ်ဝန်းကျင်ရွာတွေ မှာ သေဆုံးမှုတွေရှိခဲ့တယ်လို့နားပဲ့ချောင်းရွာ ကျောင်းတိုင်ဆရာတော်က ခုလိုမိန့်ပါတယ်။

“ဦးဇင်းတို့ရွာမှာတော့ လူအသေအပျောက်တော့မရှိဘူးပေါ့နော်၊ ဒါပေမယ့် အဲဒီ မြောက်ဦးမြို့နယ်၊ ငါးခူတောင် ကျေးရွာမှာတော့ လူ သုံးယောက် သေတယ်လို့ပြောတယ်။ နောက်တရွာက ကမ်းသေ သရက်တောကျေးရွာ။ အဲဒီရွာမှာလည်း လူ ၂ ယောက် သေတယ်လို့ ပြောသံကြားတယ်။ နောက်တရွာက ကြက်မကျယ်ကျေးရွာလို့ ခေါ်တယ်။ အဲဒီရွာမှာက တယောက်၊ နောက်တရွာက ငါးဆလိုက်ချောင်း မင်းရွာပါ့- အဲဒီမှာ လူ ၇ ယောက် သေတယ်လို့ ပြောသံကြားတယ်။”

ရခိုင်ပြည်နယ် နယ်စပ်ဒေသဖြစ်တဲ့ ရသေ့တောင်မြို့နယ် ပန်ဇင်းမော်ကျေးရွာမှာတော့ တံတားတွေအားလုံး ကျိုးပျက်ကုန်တာကြောင့် အခြား ကျေးရွာတွေနဲ့ လမ်းပန်းဆက်သွယ်ရေးလုံးဝ ပြတ်တောက်နေတယ်လို့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ်ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါတယ်။

“အပျက်အစီးတွေကတော့ အိမ် ၅ လုံးဆို ခေါင်မိုးတွေရော အကုန်လုံး ကျွတ်ပါသွားတယ်။ အိမ် မရှိတော့ဘူး၊ တိုင်ငုတ်တွေပဲ ကျန်ခဲ့တော့တယ်ခင်ဗျ။ လိုတာကတော့ ဆေးဝါးတွေလိုတယ်၊ အိမ်တွေ ပြုပြင်ဖို့လိုတယ်။ ပိုက်ဆံမရှိဘူး၊ အိမ်တွေဘာတွေ မဆောက်ရဘူးပေါ့။ သစ်တွေ၊ ဝါးတွေမရှိဘူးပေါ့။ ပြီးတော့ ပုဇွန်ကန်လုပ်နေတဲ့လူတွေကလည်း ဘာမှကိုမရှိဘူးပေါ့။ အကုန်လုံး ဆုံးရှုံးသွားတဲ့ဟာတွေရှိတယ်။ လိုအပ်တာကတော့ ကျနော်တို့ ရသေ့တောင်မြို့နယ်၊ ပန်ဇင်းမော်မှာ တကယ့်တကယ် လမ်းပမ်းဆက်သွယ်ရေး ဘာမှ မရှိဘူး၊ တံတားတွေ အကုန်လုံး ပြိုလဲသွားလို့။ ကျနော် လွှတ်တော်က အမတ်တွေကို တောင်းဆိုထားတယ်။ ပန်ဇင်းမော်ကနေ ကျန်တဲ့ရွာ ဘယ်ရွာကိုမှ သွားလာလို့မရဘူး။”

ဒီလို ဒုက္ခတွေရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် သဘာဝဘေးအန္တရာယ် အရေးပေါ်စီမံခန့်ခွဲမှု ဗဟိုဌာနက ကူညီ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“အခုအချိန်အထိလောက်ကတော့ စားသောက်ရေးအတွက် ဆန်တို့၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်။ အသင့်စား နိုင်တဲ့ အစားအစာတွေပေါ့နော်၊ ဆေးဝါးတို့၊ ရေသန့်ဆေးပြားတို့။ ဆေးဝါးတွေ အကုန်ပေးတယ်။ နောက် အဝတ် အထည်တွေ၊ စောင်တို့၊ ခြင်ထောင်တို့၊ အိပ်ယာတွေရယ်၊ အစားအသောက်တွေကတော့ အဓိကပေါ့ ပေးနေရတယ်။”

ဒါပေမယ့် အစိုးရရဲ့ကူညီထောက်ပံ့ရေးပစ္စည်းတွေ အခုချိန်ထိ သူ့တို့ရွာတွေကိုရောက်မလာသေးဘဲ ပုဂ္ဂလိကအလှူရှင် တချို့ကသာ ကူညီနေတာမျိုးပဲ ရှိတယ်လို့ နားပဲ့ချောင်းရွာ ကျောင်းတိုင်ဆရာတော်က မိန့်ပါတယ်။

“ရေတွေကတော့ တကာကြီးရယ်၊ အကုန်လုံးကျသွားပြီ။ လယ်ကွင်းတွေရော၊ ရွာတွေကော အကုန်လုံး၊ လမ်းတွေရော အကုန်လုံးကျသွားပြီ။ ဘယ်လိုအခြေအနေဖြစ်ပျက်နေလဲဆိုတော့ လူတကာ စားဝတ်နေရေး၊ ဆန်လည်းရှားတယ်။ နောက်တခုက သောက်ဖို့ရေ မရှိဘူးဖြစ်နေတယ်။ အစိုးရက တိုက်ရိုက်လာလှူတာတော့ မရှိသေးဘူး ပေါ့နော်။ ဒီ မင်းပြားမြို့နယ်မှာဆိုရင်တော့ ဗိုလ်မှူးဦးစံရွှေအာင်က ပေးနေတယ်လို့ ပြောသံကြားတယ်။ သူက မင်းပြားတောင်းပိုင်းမှာ ပေးနေတယ်လို့ အဲလိုကြားတယ်။ ဦးဇင်းတို့ရွာကိုတော့ မရောက်ဘူး။ တိုက်ရိုက်ရောက်တာကတော့ မေတ္တာမျှဝေ ရခိုင်လူမှုကွန်ယက် အသင်းပေါ့နော်။ အဲဒါကတော့ ရွာကိုတော့ တိုက်ရိုက် မရောက်ဘူး တကာကြီး။ ဒါပေမယ့် ဦးဇင်းတို့ ရွာက စက်လှေနဲ့ ဆန်အိတ်တွေကို သွားယူရတယ်။ အရေးပေါ်လိုနေတာကတော့ ရေနဲ့ဆန်ပေါ့။”

အရေးပေါ် ကူညီထောက်ပံ့ရေးပစ္စည်းတွေဟာ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းတွေဆီပေးပို့ထားတာဖြစ်ပြီး ပြည်သူတွေ လက်ထဲရောက်အောင် လုပ်ဆောင်နေတယ်လို့ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“အခုကတော့လေ၊ တော်တော်လေးတော့ ရောက်နေကြပါပြီ။ ကျမတို့ သိသလောက်ပေါ့နော်။ ကျမတို့ကကျတော့ ဒီကနေ ပစ္စည်း ထောက်ပံ့တဲ့အပိုင်းဆိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို ပေးလိုက်တယ်။ ရေဘေးသင့်ပြည်သူတွေအတွက်ကတော့ သူ့ရဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ အစီအစဉ်နဲ့ သွားတာဆိုတော့လေ။ တကယ် လက်တွေ့မြေပြင်မှာ ထောက်ပံ့တဲ့အပိုင်းကျတော့ အစိုးရအဖွဲ့တွေဆီမှာ ပိုပြီးတော့ တိကျပါတယ်။ သူတို့ပြောမယ်ဆိုရင်လေ။ ဒါပေမယ့် ကျမတို့သိသလောက်ကလည်း သူတို့ တော်တော်များများကို ရောက်အောင်တော့ သွားပြီးတော့ ပို့နေပါတယ်။”

ရေဘေးသင့်ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေက တင်ပြလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးဌာနတွေအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ပေးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပဲခူးတိုင်းတွင်း မြစ်ရေတိုးလို့ တာရိုးနှစ်ခုကျိုး



ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ညောင်တုန်းမြို့မှာ ပုဂ္ဂလိက အလှူရှင်တွေ လာရောက် ကူညီတဲ့ စားစရာတွေကို ထွက်ယူနေတဲ့ အမျိုးသားတဦး
 ပဲခူးတိုင်းမှာ ဧရာဝတီနဲ့ မြစ်မခမြစ်တို့ ရေတက်လာနေတဲ့အတွက် မြစ်တွေကို ကာရံထားတဲ့ တာရိုးနှစ်ခု စနေနေ့မနက် ၁ နာရီလောက်က ကျိုးသွား ပါတယ်။ ရေလွတ်ရာတိမ်းရှောင်နေရတဲ့ဒေသခံတွေအတွက် ဒုက္ခသည်စခန်းတွေကိုလည်း တိုးပြီး ဖွင့်ထားပေးရပါတယ်။ ဧရာဝတီတိုင်းမှာလည်း ရေကျမသွားသေးဘဲ ညောင်တုန်းမြို့မှာတော့ စိုးရိမ်ရေမှတ်အဖြစ် လိမ္မော်ရောင်အဆင့် သတ်မှတ်ခံထားရတာ (၆) ရက်မြောက် ရှိလာခဲ့ပါပြီ။ ရေလွှမ်းမိုးမှုသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝှန်း မိုးကြီးမှု၊ မြစ်ရေတိုးမှု၊ ကိုမန်ဆိုင်ကလုံး မုန်တိုင်းဝင်ရောက်မှုတွေကြောင့် တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲက ၁၂ ခုမှာ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ခံစားနေရတာပါ။ အခုအချိန်အထိ ဒေသခံအများစုဟာ ကိုယ်ထူကိုယ်ထ လုပ်ငန်းတွေနဲ့သာ ရေဘေးကို ခုခံနေရဆဲဖြစ်သလို စီမံခန့်ခွဲမှု အားနည်းနေဆဲဖြစ်လို့ အကူအညီတွေကလည်း တကယ်လိုအပ်နေတဲ့ကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေဆီမရောက်ဘဲ အခြေအနေမျာ ရှိနေဆဲပဲလို့ ဆိုပါတယ်။ ပဲခူးတိုင်း သာသာဝတီမြို့နဲ့ သုံးဆယ်မြို့ကြားမှာတော့ ဧရာဝတီမြစ်နဲ့ မြစ်မခမြစ်တို့ကို အလျားလိုက် သဲအိတ်တွေနဲ့ ကာရံထားတဲ့ကြားက တာရိုးတဝိုက် နေရာ ၂ ခုကျိုးပေါက်သွားခဲ့ကြောင်း သာယာဝတီမြို့ခံတဦးက ပြောပါတယ်။

“ဧရာဝတီမြစ်ရိုးတာတဆက်ကျိုးသွားပါတယ်။ မြစ်မခမြစ်တာ တဆက်ကျိုးသွားပါတယ်။ ကျိုးသွားတော့ အဲဒိရေတွေက ဒီဘက်ကို နည်းနည်းလေး ထပ်ပြီးတိုးလာတာပေါ့နော်။ ဧရာဝတီမြစ်က တဆက်ကျိုးတယ်။ မြစ်မခမြစ်ကတော့ …… နားမှာ တချက်ကျိုးတယ်။ မိုးကမရွာပေမယ့် ရေတွေက ထပ်ထပ်တက်လာတာ။ တာမကျိုးခင်ကတော့ လယ်တွေမပျက်စီးဘူး။ အခုကျတော့ လယ်တွေ တော်တ်ာများများ ပျက်စီးသွားတယ်။ တပတ်ကျော် သွားရင်တော့ အဲဒီစပါးတွေက သေသွားလိမ့်မယ်။ ဒုက္ခသည်စခန်းတွေ အများကြီး တိုးတယ်။ အခုဆို ၁၃ ခုရှိသွားပြီ။ လူဦးရေက ဒုက္ခသည် စခန်းကိုရောက်လာတာ ၃ ထောင်ကျော်။ ရေဘေးသင့်ပြည်သူဆိုပြီး ထုတ်ပြန်ကြေညာထားတာက ၃ သောင်းခွဲလောက်ရှိတယ်။”
ညောင်တုန်းမြိ့နယ်အတွင်း ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေရဲ့ လာရောက်ကူညီပေးမှုနဲ့ အစားအသောက်တွေအတွက် ကျေးဇူးတင်နေတဲ့ အဖွားအိုတဦး။ညောင်တုန်းမြိ့နယ်အတွင်း ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေရဲ့ လာရောက်ကူညီပေးမှုနဲ့ အစားအသောက်တွေအတွက် ကျေးဇူးတင်နေတဲ့ အဖွားအိုတဦး။
ညောင်တုန်းမြိ့နယ်အတွင်း ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေရဲ့ လာရောက်ကူညီပေးမှုနဲ့ အစားအသောက်တွေအတွက် ကျေးဇူးတင်နေတဲ့ အဖွားအိုတဦး။
ဒုက္ခသည်တွေ ပြေးလာနေဆဲဖြစ်ပြီး လောလောဆယ်မှာ တာရိုးကာရံရာမှာအသုံးပြုမယ့် သဲထည့်ဖို့ အိတ်တွေလိုအပ်နေပါတယ်။ သာယာဝတီမြို့မှာတော့ လယ်အတော်များများ ရေနစ်မြုပ်နေပြီး လယ်ယာသုံးနွားတွေလည်း အစားအစာလုံးဝပြတ်သွားတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာတော့ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတနဲ့ အင်္ဂပူမြို့တွေဘက်မှာလည်း ရေဘေးအတွက် စိုးရိမ်နေရသလို ညောင်တုန်းမြို့မှာတော့ တာရိုးမကျိုးအောင် တပ်အင်အား၊ မြို့ခံအုပ်ချုပ်ရေးအင်အားတွေနဲ့ နေ့ညမပြတ် စောင့်ကြည့်နေပါတယ်။ ဒါပေမယ့်လည်း (၆) ရက်မြော်ကနေ့အဖြစ် ထုတ်ပြန်ထားတဲ့ လိမ္မော်ရောင်သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းပေးနိုင်ခြင်းမရှိသေးကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစီးမှူးတဦးဖြစ်တဲ့ ဒေါ်သန်းသန်းစိုးက ပြောပါတယ်။

“ကျန်ခဲ့တဲ့ ၂ နာရီလောက်က ၂၅.၆၅ ဆိုပြီးတော့ အခု ၃ နာရီထိုးတဲ့အထိ ၂၅.၇ ပေါ့ - ရေ level က နိမ့်လိုက်၊ မြင့်လိုက်တော့ ဖြစ်နေသေးတယ်။ လိမ္မော်ရောင်အဆင့်လို့တော့ သတ်မှတ်ထားသေးတာပဲ။ ကျမတို့ဆီက စိုးရိမ်ရေမှတ်က ၂၂.၄။ အခုက ၂၅ ကျော်နေတော့ ၂၅.၇ ဖြစ်နေတော့ ဒီအတိုင်းပဲ လိမ္မော်ရောင်အဖြစ် သတ်မှတ်ထားပါတယ်။”

ပဲခူးတိုင်းမှာတော့ မီဒီယာတွေ အရောက်အပေါက်နည်းတဲ့နေရာဖြစ်နေတဲ့အတွက်ကော၊ အုပ်ချုပ်ရေးအဖွဲ့တွေက ကာကွယ်စောင့်ရှောက်မှု အားနည်း တာကြောင့်ပါ ဒေသခံတွေ ကိုယ်ထူကိုယ်ထ လုပ်နေရတာ အဆင်မပြေဘူးလို့ သာယာဝတီမြို့ခံက ဆိုပါတယ်။ ဒါပေမယ့် မြစ်ရေဆက်တက်လာ နေတဲ့အတွက် ဧရာဝတီတိုင်းအတွက်လည်း စိုးရိမ်စရာရှိတယ်လို့ ဆိုပါတယ်။

“ညောင်တုန်းက နောက်ဆုံးခံစစ်ဖြစ်လိမ့်မယ်။ ညောင်တုန်းအတွက်က ကျနော် တော်တော်စိုးရိမ်တယ်။ ကျနော်တို့နေရာမှာတောင် ဒီလောက်ဖြစ်တယ် ဆိုရင် ညောင်တုန်း စကြာ-ညောင်တုန်းက တော်တော်ခံရမယ်ဗျ။ အဲဒါလည်းသူတို့တွက်ကြည့်တယ်.။ အဲဒီတော့ မီဒီယာနဲ့လည်း တအားနီးတော့ သူကြောက်တယ်၊ အဲဒီနေရာကျတော့လေ။ ကျနော်တို့ဆီမှာ မီဒီယာနဲ့ တာကျိုးတဲ့နေရာနဲ့တွေ့ဖို့က ၁၀ မိုင်လောက်လိုတယ်။ ၁၀ မိုင်လောက်သွားမှ ရောက်တာလေ။ ၁၀ မိုင်လောက်သွားမှရောက်တော့- ဟိုမှာကျတော့ ညောင်တုန်းမှာကျတော့ ဝုန်းကနဲတက်လာလည်း အဲဒီမှာ မီဒီယာအများကြီးရှိတယ်။ ကမ္ဘာကလည်း စောင့်ကြည့်နေတယ်။ အဲဒိမှာသူတို့ ဘာမှ လုပ်မထားဘူးဆိုရင်၊ လုပ်နေတာကိုပဲ မြင်အောင်လို့ for show တော့ သူတို့ လုပ်တတ်တယ်လေ။”

ရပတ်လည်ဝိုင်းနေတဲ့ ညောင်တုန်းမြို့မှာ သောက်ရေရှားပါးပြတ်လပ်နေတဲ့အခြေအနေ။
ငဝန်မြစ်နဲ့ ဧရာဝတီမြစ်ရေတွေဟာ စိုးရိမ်ရေအမှတ်ကျော်သွားဖြစ်ဖြစ်လို့ မြစ်ဝကျွန်းပေါ်ဒေသမှာ ရင်ဆိုင်ရမယ့် ရေဘေးဒုက္ခအခြေအနေတွေ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ခွာကြဖို့ သမ္မတဦးသိန်းစိန်က မနေ့က ရေဒီယိုမိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကတည်းက ဖြစ်လာနေတဲ့ ရေဘေးနဲ့ပတ်သက်လို့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ သတိပေးမှုတွေနဲ့ တာဝန်ယူမှုတွေ အားနည်းနောက်ကျ နေတာကြောင့်လည်း အစိုးရအပေါ် ဝေဖန်မှုတွေ ရှိလာခဲ့တာပါ။ အခုအခါမှာတော့ ရေဘေးကြောင်သေဆုံးသူ (၉၀) ကျော်သွားပြီဖြစ်ပြီး ရေဘေးသင့်သူ ၆ သိန်းကျော်တယ်လို့ အစိုးရက တရားဝင်ကြေညာထားပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

August 08, 2015

ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်သွားခွင့် ပိတ်ပင်ခံရ



 ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ကို တွေ့ရစဉ်။ Photo: RFA
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ်ယန်ဟီးလီက သူမကို မြန်မာအစိုးရက ရခိုင်ပြည်နယ်သွားရောက်ခွင့် ပိတ်ပင် ခဲ့ကြောင်းနဲ့ မြန်မာပြည် မှာ ၁ဝ ရက်ကြာ နေထိုင်ခွင့်တောင်းခံခဲ့တာကိုလည်း ၅ ရက်ပဲခွင့်ပြုခဲ့ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ ဒ့ါအပြင် ယန်ဟီးလီက မြန်မာပြည်ကို သူမ အရင်ကလာရောက် တဲ့ ခရီးစဉ်တွေမှာ တွေ့ဆုံခဲ့သူတွေကို အစိုးရက မေးမြန်းစောင့်ကြည့်တာတွေရှိတယ်လို့ သိရကြောင်း၊ အခုခရီးစဉ် မှာလည်း သူတွေ့ချင်သူတွေကို အစိုးရက တွေ့ဆုံခွင့်ပိတ်ပင်တာတွေ၊ ကြိုတင်အသိပေးခြင်းမရှိပဲ တွေ့ဆုံချိန်အနီးကပ်ပြီး မှ အကြောင်းတစုံတရာမပြပဲ ဖျက်သိမ်း လိုက်တာတွေရှိကြောင်းနဲ့ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ်ချုပ်ချယ် မှုတွေရှိနေကြောင်း ပြောပါတယ်။

တဆက်တည်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က လက်ရှိမှာ မြန်မာပြည်တဝှမ်း အင်မတန်ကြီး မားတဲ့ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတာကို မိမိ နားလည်ခံစားနိုင်ပါတယ်၊ ဒါပေမယ့် အခုလို မိမိအပေါ်ရန်သူသဖွယ် ဆက်ဆံတာ ကိုတော့ မျှော်လင့်ထားခဲ့ခြင်းမရှိပါဖူးလို့ မနေ့ညနေက ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအများအပြားကို လာမယ့် နိုဝင် ဘာရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုမှာ မဟုတ်ဖူးလို့ ကြားသိရကြောင်း ဒါဟာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံ မှု ဖြစ်ကြောင်း၊ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့လိုကြောင်း စသဖြင့် ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီ က ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ခေတ်မီသူတိုင်း အလှူခံထွက်ကြသည်




 ယနေ့ မြန်မာနိုင်ငံတ၀န်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် သဘာဝဘေးအန္တရာယ်ခံရသူများအား ကူညီနိုင်ရန် နေရာအနှံ့အပြားတွင် လူတန်းစားအလွှာမျိုးစုံမှ အလှူခံထွက်ကြသည်။ အိမ်တိုင်ရာရောက် အလှူခံသူများရှိသကဲ့သို့ ယာဉ်ကြောကျပ်တည်းသည့် မီးပွိုင့်များ လူစည်ကားသည့်လမ်းများတွင် အလှူခံ ပုဂ်္ဂိုလ် အသွေးအရောင်စုံအား တွေ့မြင်နေရသည်။

နိုင်ငံအတွင်း ရေကြီးရေလျှံဖြစ်ပြီး သဘာဝဘေးအန္တရာယ်ခံစားနေရသော နေရာများအားကြည့်လျှင်လည်း တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ၁၁ ခုသည် သဘာဝဘေးအန္တရာယ် ဆိုးရွားစွာခံစားနေရသည်။ စိုက်ပျိုး မြေဧကပေါင်း ၁ သန်းခန့် ပျက်စီးဆုံးရှုံးပြီး လူပေါင်း ၂ သိန်းကျော် အစားအစာနဲ့ အထောက်အပံ့ လိုအပ်နေ တယ်လို့လည်း သိရသည်။ ဒီတော့ ရေဘေးသင့်ပြည်သူတွေကိုကူညီဖို့ ပြည်သူများကလည်း တတ်နိုင်တဲ့ဘက် က ကြိုးပမ်းကြရပါတော့တယ်။

မိမိနေအိမ်မှ အလုပ်သွားဖို့ ဘတ်စ်ကားဂိတ်ကိုသွားရင် ပထမဦးဆုံးတွေ့ရသည်က ရေဘေးကူညီရေး အလှူခံ များ ဖြစ်သည်။ ကြွပ်ကြွပ်အိတ်များပေါ်တွင် ရေဘေးသင့်ပြည်သူများအတွက် ကူညီရန် ဘာအဖွဲ့ ညာအဖွဲ့ စသဖြင့် တံဆိပ်ကပ်ကာ အလှူခံကြသလို ဂျပ်စက္ကူဘူး၊ ငွေဖလား စသဖြင့် ပုံစံမျိုးစုံလှသည်။

ယင်းမြင်ကွင်းအားကြည့်ရင် ပြည်သူအများ ဘေးဒုက်္ခရောက်နေသည်ကို ဒုက္ခမရောက်သူများက တဖက် တလမ်းမှ ကူညီနေ၍ ပီတိဖြစ်မိသကဲ့သို့ တတ်စွမ်းသမျှ လှူဒါန်းမိသလို လှူဒါန်းနေသူအများအပြားကိုလည်း တွေ့မြင်နေရသည်။

မြန်မာနိုင်ငံသည် အခြားနေရာများ၌ ထိပ်တန်းရောက်မရောက် မသိသော်လည်း သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု အနည်းဆုံးနိုင်ငံများတွင် အဆင့် ၅ အတွင်းရှိသကဲ့သို့ ပရဟိတစိတ်နှင့် တဦးချင်းလှူဒါန်းမှု အရက်ရောဆုံးတွင်လည်း ထိပ်ဆုံးတွင်ရှိနေသည်ဟု သိရသည်။ ယင်းကြောင့် အလှူခံသူတွေ မည်မျှပင် များပြားနေပါစေ ရေဘေးအတွက် ကူညီချင်သူများသောကြောင့် အလှူငွေများစွာ ရရှိကြသည်။

လှူဒါန်းသူများမှလည်း ရေဘေးသတင်းများအား ကြားသိမြင်တွေ့နေရပြီး တတ်နိုင်သမျှ ထည့်ဝင်လှူဒါန်းကြ သည်။ ခက်သည်က မြန်မာနိုင်ငံတွင် ယခုကဲ့သို့ သဘာဝဘေးကျရောက်မှ အလှူခံရှိသည်မဟုတ်။ လွန်ခဲ့သည့် လအနည်းငယ်က စံတော်ချိန်သတင်းစာတွင် ပါဝင်ခဲ့သည့် ဒလဘက်တွင် ဓမ္မာရုံပြုပြင်ရန်ဟုဆိုကာ မပျက်စီး သည့် ဓမ္မာရုံကိုအကြောင်းပြုပြီး လိမ်လည်၍ အလှူခံသူများအား ဖော်ထုတ်ခဲ့သည်ကို သတိရမိသည်။ ယခု ရေဘေးတွင်မူ လှူဒါန်းသူများမှ မိမိထည့်ဝင်လှူဒါန်းသည့် အလှူဒါနအား ရေဘေးသင့်ပြည်သူများရရှိပြီဟုသာ လူတိုင်းသတ်မှတ်၍ လှူဒါန်းကြသည်သာများသည်။

အမှန်တကယ် ဒုက္ခရောက်၍ အမှန်တကယ်ကူညီသည့် အလှူခံပုဂ်္ဂိုလ်အဖွဲ့အစည်းများစွာရှိသော်လည်း ယနေ့ အချိန်အခါကဲ့သို့ အလွယ်တကူအလှူခံ၍ရသည့်အချိန်၌ တလွဲအသုံးချမည့် အလှူခံမည်မျှရှိမည်ကို မည်သူမျှ မသိနိုင်ပေ။ “ကျွန်တော့်အထင် အလှူခံမှမဟုတ်ဘူး ဘယ်နေရာမှာမဆို အုတ်အရောရော ကျောက်အရောရော ရှိနိုင်တာပဲ။ ကျွန်တော်တို့လို လှူဒါန်းသူဆိုတာကတော့ မရိုးသားတဲ့အလှူခံတဲ့သူနဲ့တွေ့ရင်တောင် တကယ် လိုအပ်တဲ့လူဆီကို ငါးဆယ်ရာခိုင်နှုန်းတော့ရောက်မှာပါပဲ။ ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာ ကုသိုလ်စိတ်ပဲထားလိုက် တယ်”ဟု သတင်းမီဒီယာသမားတဦးမှ ပြောသည်။

ယင်းနှင့်ပတ်သက်၍ နာရေးကူညီမှုအသင်း ဒုဥက္ကဋ္ဌဒေါ်သန်းမြင့်အောင်မှ“အလှူခံကောက်နေတဲ့ ပရဟိတလုပ် နေတဲ့လူငယ်တွေ ဘယ်အဖွဲ့အစည်းကိုမှ မပြောပါဘူး။
စနစ်လေးတခုရှိစေချင်တယ်။ အဓိကကတော့ စေတနာ ပဲ။ ကိုယ့်ရဲ့ အကုသိုလ်၊ ကုသိုလ်က ကိုယ့်ဆီပဲရောက်မှာပါ။ စေတနာသန့်ဖို့လိုတယ်။ အဓိကကတော့ ဘယ်သူ မှမသိလည်း ကိုယ့်ကိုယ်ကိုယ် သိတယ်လေ”ဟု ပြောကြားခဲ့သည်။

ရိုးဖြောင့်သည့် အလှူခံပုဂ်္ဂိုလ်အဖွဲ့အစည်း အများအပြားရှိသကဲ့သို့ မရိုးဖြောင့်သော အလှူခံသမားပါဝင်လာမှု အတွက် အဖြေရှာရန်ကား ယနေ့အချိန်တွင် မဖြစ်နိုင်ပေ။ ရိုးဖြောင့်မှန်ကန်ခြင်းအား သက်သေခံပေးရန် အတွက် မည်သူက သက်သေခံပေးမည်နည်း။ “သက်ဆိုင်ရာ ကိုယ်တိုင်က ဆီးသီးဗန်းမှောက်တဲ့ကိစ္စတွေများ နေတော့။ ဒီအချိန်မျိုးမှာ မရိုးသားတဲ့အလှူခံသူကို မပြောချင်ပါဘူး။ ဒီလို မရိုးသားသူဆိုတာရှိမယ်လို့ သိပေ မယ့် သဒ္ဓါစိတ်ကိုသာ အခြေခံပြီး လှူဒါန်းခဲ့ကြရပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယနေ့ ရေဘေးဒုက်္ခခံစားနေရသော ပြည်သူများအတွက် ငွေကြေးမှစ၍ တတ်နိုင်သည့်ဘက်မှ လှူဒါန်းမှုပြုသူ များရော လုပ်အားဒါနပေးသူများပါ အားလုံးပြည်သူများ၏ အခက်အခဲအား ပြည်သူများဘက်မှ တတ်နိုင် သလောက် ဖြေရှင်းကူညီနေမှုအား အထူးပင်လေးစားကာ ကျေးဇူးတင်မိပါသည်။ ယနေ့အချိန်အခါတွင် ရေဘေးသင့်ပြည်သူများအတွက် စာနာတတ်သူတိုင်း အလှူခံထွက်သကဲ့သို့ စာနာသူတိုင်းလည်း အလှူငွေ တတ်စွမ်းသမျှအပြင် သင့်တော်ရာပစ္စည်းများ လှူဒါန်းကြပါသည်။ ယင်းသို့ လှူဒါန်းမှုအတွက် သာဓုအကြိမ်ကြိမ် ခေါ်မိသကဲ့သို့ မရိုးဖြောင့်သည့် အလှူခံများအားလည်း မလှူမိပါစေနှင့်ဟု ဆုတောင်းရင်း။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

သဘာဝ ဘေးအန္တရာယ်ကြောင့် ရေဘေးသင့် ပြည်သူ သုံးသိန်းကျော်နှင့် သေဆုံးသူ ၈၈ ဦး ထိရှိ



စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ ရေကြီးရေလျှံနေမှု မြင်ကွင်း (ဆင်ဟွာ)
    ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုအတွင်း သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်ပွားခဲ့သော ရေးကြီး ရေလျှံမှုကြောင့် ရေဘေးသင့် ပြည်သူ သုံးသိန်းကျော်နှင့် သေဆုံးသူ ၈၈ ဦးထိ တိုးလာကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်သည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ဇူလိုင်လ ၁၆ ရက်မှ သြဂုတ်လ ၆ ရက်နေ့အတွင်း ရေးဘေးသင့် အိမ်ထောင်စု ၆၃,၂၈၄ စုတွင် ရေဘေးသင့် ပြည်သူ လူဦးရေ ၃၂၄,၆၈၀ ဦးထိ ရှိလာသည်။ရခိုင်ပြည်နယ်တွင် ၆၁ ဦး၊ စစ်ကိုင်းတိုင်းတွင် ၇ ဦး၊ ကချင် ပြည်နယ်တွင် တစ်ဦး၊ ချင်းပြည်နယ်တွင် ၄ ဦး၊ ရှမ်းပြည်နယ်တွင် ၆ ဦး၊ မန္တလေးတိုင်းတွင် ၈ ဦးနှင့် ဧရာဝတီ တိုင်းတွင် ၁ ဦး စုစုပေါင်း သေဆုံးသူ ၈၈ ဦးရှိနေပြီ ဖြစ်သည်။

ရေဘေးသင့် ဒေသများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဆန်ရိက္ခာ ကျပ် ၄၂,၆၅၇,၇၅၀၊ အရေးပေါ် အစားအစာအတွက် ကျပ်သိန်း ၁၃,၁၅၁,၅၆၀ ၊ အိမ်ဆောက် ပစ္စည်း အတွက် ကျပ် သိန်း ၁၄၄,၉၀၀,၀၀၀၊ ကယ်ဆယ်ရေး ပစ္စည်းအတွက် ကျပ် သိန်း ၂၁၁,၉၈၁,၃၄၈ နှင့် သေဆုံးမှု ထောက်ပံ့ကြေး ကျပ် သိန်း ၈,၁၀၀,၀၀၀ စုစုပေါင်း ရေဘေးအတွက် ကျပ် သိန်းပေါင်း ၄၃၀,၇၉၀,၆၅၈ ပေးပို့ ထောက်ပံ့ ထားကြောင်း ထုတ်ပြန်သည်။

လက်ရှိ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာနှင့် ပြည်တွင်း အလှူရှင်များမှ ကူညီမှုများ ပြုလုပ်လျှက်ရှိပြီး ရေများ ပြန်လည် ကျဆင်းချိန်တွင် ကျန်းမာရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် အဓိက ကူညီဆောင်ရွက်မှုများ လိုအပ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး တစ်ဦးက ဆိုသည်။

  (Xinhua)
http://www.xinhuamyanmar.com

ငြိမ်းချမ်းရေးအတွက်ရန်ကုန်တွင် အကြိတ်အနယ်ဆွေးနွေးနေချိန် SSPP/SSA တပ်စခန်းအား အစိုးရတပ် တိုက်ခိုက် ရွာအတွင်း လက်နက်ကြီး နှစ်လုံးကျ




ဩဂတ်စ် ၇ ရက်၂၀၁၅

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ၉ ကြိမ်မြောက် ဆွေးနွေးပွဲအား ရန်ကုန်မြို့၌ ဒုတိယနေ့ အဖြစ် အကြိတ်အနယ် ဆွေးနွေးနေချိန် မိုင်းရှူးမြို့ နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းအား အစိုးရတပ်မှ ယနေ့ ဩဂတ်စ် ၇ ရက်တွင် နှစ်ကြိမ်ထက်မနည်းတိုက်ခိုက်သည်ဟုသိရသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော်၏ ဝမ့်ဟိုင်းဌာနချုပ် လမ်းခွဲအနီးရှိ ၎င်းတို့၏ကျူလွယ်မောက်ခမ်း တပ်စခန်းအား အစိုးရတပ်မတော်မှ နံနက် ၉ နာရီတွင် တကြိမ်၊ မွန်းတည့်ချိန် တွင်တကြိမ် ပစ်ခတ် တိုက်ခိုက်သည်ဟု ရန်ကုန်ရောက် ငြိမ်းချမ်းရေး ကိုယ်စား လှယ် သျှမ်းပြည်တပ်မတော် အရာရှိက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“လမ်းခွဲရွာထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ ၁၀၅ မမ အမျိုးအစားလေ။ အင် အား ၆၀ ကျော်က ကျနော်တို့ တပ်စခန်းကို တက်တိုက်ရင်း တိုက်ပွဲဖြစ် သွား တာ။ အဲဒါနဲ့ သူတို့ တပ်စခန်းကနေ လက်နက်ကြီးနဲ့ထုတော့တာ။ ရွာကို တမင်သက်သက် မပစ်ရင် အဲဒီ့ဘက်မကျနိုင်လောက်ဘူး”- ဟု မိုင်းရှူးေ ရာက် ရှေ့တန်းတပ်မှူး တဦးက ပြောသည်။

ယခုဖြစ်ပွားသော တိုက်ပွဲကြောင့် နှစ်ဘက်အသေအကျမသိရသေးကြောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခိုလမ်မှလည်း အင်အားဖြည့်ရန် ထပ် လာနေကြောင်း မိုင်းရှူးခရီးသွားတဦးဖြစ်သည့် စိုင်းမောက် ကပြောသည်။

ယခုဖြစ်ပွားသော တိုက်ပွဲသည် သျှမ်းပြည်တပ်မတော် SSPP/SSA အား ဖိအားတစုံတရာပေးဖို့ ဖြစ်နိုင်ကြောင်း၊ မည်သို့ပင်ဆိုစေ အဆိုပါကိစ္စအား ငြိမ်းချမ်းရေးဆွေးပွဲအတွင်း တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သျှမ်းပြည် တပ်မတော် ဌာနချုပ်အရာရှိတဦးကပြောသည်။

ဓါတ်ပုံ- ကျေးသီး-၀မ့်ဟိုင်းအသွားလမ်းတလျှောက်ကတောင်များ။ အဆိုပါတောင်ထိပ်တို့တွင် တတောင်စီခြားကာ အစိုးရတပ်နှင့် SSPP/SSA တို့ တပ်စခန်းများ အသီးသီးချထားပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

ရေနံချောင်းမြို့နယ် ရေဘေးဒုက္ခသည်များ (ရုပ်/သံ)




 ဧရာဝတီမြစ်ရေတက်လာတာကြောင့်မကွေးတိုင်း ရေနံချောင်း မြို့နယ်ထဲက ကျေးရွာတွေ ရေနစ်မြုပ်နေပြီး ရေနံချောင်းမြို့မှာ ကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ် ထားပါတယ်။ ရွာသားတချို့ ကယ်ဆယ်ရေး စခန်းကို မလာကြတဲ့ အတွက် ကျေးရွာတွေ အထိ ကယ်ဆယ်ရေး ရောက်ရှိဖို့ ခက်ခဲနေပါတယ်။ RFA သတင်းထောက် ကိုနေသွေးက တင်ပြ ထားပါတယ်။ RFA MyanmarVideoChannel


တရားမ၀င် ငွေကြေး စီးဆင်းမှုကို စနစ်တကျ ထိန်းချုပ်ရန်လိုအပ်



 မင်္ဂလာဒုံ မြို့နယ်တွင် ကားတစ်စီး အပြည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး၊ ကာလတန်ဖိုး အရ ကျပ် (၁၃၃ ဒသမ ၅) ဘီလီယံခန့် ။ ဓါတ်ပုံ - ရဲဇာနည်
  ရန်ကုန် ၊ သြဂုတ် ၁

            မြန်မာနိုင်ငံတွင် တရားမ၀င် ငွေကြေး စီးဆင်းမှု ပမာဏ များပြားလာမှုကို စနစ်တကျ ထိန်းချူပ်ရန် လိုအပ်နေပြီး ထိန်းချုပ်နိုင်မှု မရှိလျှင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရိုက်ခတ်ကာ အခြေခံ လူတန်းစားများ၏ စားဝတ်နေရေးကိုပါ ထိခိုက်လာမည် ဖြစ်ကြောင်း စီးပွားရေး နယ်ပယ်များမှ ပုဂ္ဂိုလ်များ၊ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး အဖွဲ့မှ ပုဂ္ဂိုလ်များက သုံးသပ် ပြောကြားသည်။

            ငွေမည်းများကို ပြည်တွင်းတွင် ငွေဖြူအဖြစ် ပြောင်းလဲခ၀ါ ချနေသော လုပ်ငန်းများ အနက် မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းများလည်း ပါဝင်နေသည်။ တရားမ၀င် လုပ်ငန်းများမှ ရရှိလာသော ငွေကြေးများကို ငွေဖြူအဖြစ် ပြောင်းလဲကာ ငွေကြေးခ၀ါချမှု ပြုလုပ်ရာတွင် အိမ်ခြံမြေ ကဏ္ဍတွင် အများဆုံး ရင်းနှီးမြုပ်နှံမှု ပြုလုပ်နေကြကြောင်း ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေး ဆောင်ရွက်သူများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

            အိမ်ခြံမြေ ကဏ္ဍအပြင် ကုမ္ပဏီ ထူထောင်ခြင်း၊ ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်း အစရှိသည့် လုပ်ငန်းများတွင်လည်း ငွေကြေး ခ၀ါချမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ငွေကြေးခ၀ါချမှု စုံစမ်းစစ်ဆေးရေး အဖွဲ့ထံမှ သိရသည်။

            ''မူးယစ် ဗဟိုကနေ စစ်ဆေးပြီး ငွေမည်း ပြဿနာတွေ ရှိနေတယ် ဆိုရင်တော့ ကျွန်တော်တို့ ဗဟိုကို လွှဲပါတယ်။ အဲဒါကျရင်တော့ ကျွမ်းကျင်တဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆက်လက် စစ်ဆေး ဆောင်ရွက်မှုတွေ ပြုလုပ်ပါတယ်'' ဟု ငွေကြေးခ၀ါချမှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

            ပြီးခဲ့သည့် သီတင်းပတ်က မင်္ဂလာဒုံ မြို့နယ်တွင် ကားတစ်စီး အပြည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး၊ ကာလတန်ဖိုး အရ ကျပ် (၁၃၃ ဒသမ ၅) ဘီလီယံခန့် ပမာဏ ရှိကြောင်း နေပြည်တော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာနက သတင်း ထုတ်ပြန်ထားသည်။ အဆိုပါ ပမာဏသည် မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမှုများအနက် အများဆုံး ပမာဏ ဖြစ်သည်။

            ''ဒီလောက်များတဲ့ ပမာဏက ဖမ်းမိတဲ့ ပမာဏပဲ ရှိသေးတယ်။ မမိလို့ လွတ်သွားတဲ့ ပမာဏက ဘယ်လောက် အတိုင်းအတာ အထိ များပြားနေလဲ ဆိုတာ မှန်းဆလို့ မရဘူး။ ဒီပမာဏတွေသာ လွတ်သွားခဲ့ရင် စီးပွားရေး လောကကို ဂယက်တစ်ခု ဖြစ်သွားစေနိုင်ပါတယ်'' ဟု စွန့်ဦးတီထွင် ဦးရဲမြင့်က ပြောသည်။

            ငွေကြေး ခ၀ါချမှုသည် ကျပ်ငွေ တန်ဖိုး ကျဆင်းလာခြင်းနှင့် တိုက်ရိုက် သက်ဆိုင်ကြောင်းလည်း သိရသည်။

            ''အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးငွေ ပမာဏနဲ့ ညီမျှတဲ့ တခြား ကုန်စည်တွေ တကယ့် တရားဝင် လမ်းကြောင်းက မှန်မှန်ကန်ကန် ၀င်လာခဲ့ရင် တိုင်းပြည်အတွက် ကောင်းမွန်တဲ့ ၀င်ငွေ ဖြစ်ပေါ်စေမှာပါ။ အခုလိုမျိုး မူးယစ် ဆေးဝါးတွေ မဖမ်းမိဘဲ လွတ်သွားလို့ အဲဒီက ရလာတဲ့ တရားမ၀င် ငွေမည်းတွေကို ငွေကြေးခ၀ါချပြီး ပြည်တွင်း ဈေးကွက်မှာ ပြန်လည် စီးဆင်း လာခဲ့မယ်ဆိုရင် မြန်မာ ကျပ်ငွေတန်ဖိုး အပြောင်းအလဲ တစ်ခု ဖြစ်လာနိုင်ပါတယ်'' ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

            ''ဒီလိုတရားမ၀င် ငွေကြေးတွေ ဈေးကွက်ထဲ ၀င်လာမယ်ဆိုရင် ငွေကြေး ဖောင်းပွမှုတွေ ဖြစ်လာမယ်။ ငွေကြေး ဖောင်းပွမှုတွေ ဖြစ်လာတော့ ၀င်ငွေနည်းတဲ့ အခြေခံ ပြည်သူတွေကို ထိခိုက် စေနိုင်ပါတယ်။ ငွေမည်းတွေ ဈေးကွက် အတွင်း ၀င်ရောက်လာမှုကြောင့် ဈေးကွက်ရဲ့ ဖြစ်ရိုးဖြစ်စဉ် တည်ငြိမ်မှုကို ပျက်ပြား စေနိုင်ပါတယ်။ ကုန်ကုန် ပြောရရင် ကုန်စည် ဈေးနှုန်းတွေ မြင့်တက်စေပါတယ်'' ဟု ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။

            ငွေမည်း ခ၀ါချမှု များပြားလာလေလေ နိုင်ငံတော် အတွက် အခွန်အခ ဆုံးရှုံးမှု များလာလေလေ ဖြစ်သည်။

            ''ငွေကြေး ခ၀ါချမှုကြောင့်  ကျပ်ငွေတန်ဖိုး ကျဆင်းရင် ဒေါ်လာ ဈေးတက်လာမယ်။ ဒေါ်လာဈေး တက်လာရင် ဒေါ်လာနဲ့ ၀ယ်ယူ တင်သွင်းရတဲ့ သွင်းကုန် လုပ်ငန်းတွေ ရပ်ဆိုင်းမှု ဖြစ်လာနိုင်တယ်'' ဟု မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဘဏ်မှ အငြိမ်းစား ဘဏ်အရာရှိ တစ်ဦးက ပြောသည်။

            တရားမ၀င် လုပ်ငန်းများမှ ရရှိလာသော ၀င်ငွေများကို တရားဝင် ငွေကြေးအဖြစ် ပြောင်းလဲရန် ကြိုးစားနေမှုများကို လျော့နည်း ကျဆင်းစေရန် ခိုင်မာတိကျသော ဥပဒေများနှင့် ထိရောက် စနစ်ကျသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး အဖွဲ့နှင့် စီးပွားရေး နယ်ပယ်မှ ပုဂ္ဂိုလ်များက သုံးသပ်ကြသည်။        

ဇေယျာဟိန်း
The Messenger
http://www.messengerdaily.com

“ဒေါ်လာတန်ဖိုးတက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေသည့် အကြောင်းတရားများ”




 ယခုအခါ မြန်မာကျပ်ငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်ပြီး အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် မြန်မာကျပ်ငွေတန်ဖိုး တရိပ်ရိပ်ကျဆင်းလျက်ရှိမှုအပေါ် လူအများစိတ်ဝင်စားနေကြသည်။ ၂၀၁၅ ခု ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် အမေရိကန်တဒေါ်လာကို ၁၀၂၅ ကျပ်ဈေးပေါက်နေရာမှ ဇွန်လ ၂၅ ရက်နေ့မှာ ၁၁၁၅ ကျပ်ဖြစ်လာပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျပ် ၁၂၄၅ ထိ ထိုးတက်သွားခဲ့သည်။
မြန်မာငွေတန်ဖိုးကျဆင်းရသည့်အကြောင်းရင်းကို စဉ်းစားလျှင် နီးသောအကြောင်းတရားများကိုသာမက ဝေးသောအကြောင်းတရားများကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်မည်ဖြစ်သည်။ ဝေးသောအကြောင်း တရားများက ပို၍ပင် အရေးပါသည်ဟု ဆိုနိုင်မည်ဖြစ်သည်။

လွန်ခဲ့သည့် ၂၅ နှစ်လောက်မှစ၍ မြန်မာနိုင်ငံဗဟိုဘဏ်မှာ ငွေကြေးမူဝါဒနှင့်ပတ်သက်၍ မည်သည့်လုပ်ပိုင်ခွင့်မျှမရှိသလောက် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ၁၉၄၇ ခုနှစ် နိုင်ငံခြားငွေကြီးကြပ်ရေး ဥပဒေ (Foreign Exchange Regulation Act) ဖြေလျှော့ပေးခဲ့ ကြသည်။ ပြည်တွင်းတွင် တခုတည်းသော Legal Tender ဖြစ်သည့် မြန်မာကျပ်ငွေအပြင် ဒေါ်လာများ (နိုင်ငံခြားငွေများ) ဖြင့် ပြောင်ပြောင်တင်းတင်း ၀ယ်ယူစားသုံးမှု၊ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်လာကြသည်။ ဒေါ်လာကိုင်ဝယ်နိုင်မှ ဂုဏ်ရှိသလို ထင်လာကြသည်။ ဟွန်ဒီဖြင့် ငွေလွှဲမှုများ အလွန်ခေတ်စား အသုံးဝင်လာခဲ့သည်။ တဖြည်းဖြည်း တရားမ၀င် နိုင်ငံခြားငွေဈေးကွက် ကြီးထွားလာခဲ့သည်။ ၂၀၁၂ ဧပြီလ မတိုင်မီ ပြင်ပတရားမ၀င်ပေါက်ဈေးမှာ ဗဟိုဘဏ်သတ်မှတ်ဈေးထက် အဆမတန် များပြားနေပါသည်။ နိုင်ငံခြားငွေ ကြီးကြပ်ရေးဌာနအနေဖြင့် မည်သည့်အရေးယူဆောင်ရွက်မှုမျိုးကိုမျှ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။

၁၉၄၇ ခု နိုင်ငံခြားငွေကြီးကြပ်ရေးဥပဒေအရ ဗဟိုဘဏ်၊ နိုင်ငံခြားငွေကြီးကြပ်ရေးဌာန၏ ကြိုတင်ခွင့်ပြုချက်မရဘဲ မည်သည့်မြန်မာနိုင်ငံသားမျှ ပြည်ပတွင်စာရင်းဖွင့်ခွင့်မရပါ။ သို့သော် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ၊ ကုန်ရောင်းကုန်ဝယ် လွယ်ကူရေးကိုအကြောင်းပြ၍ ကုန်သည်ကြီးများ၊ နည်းအမျိုးမျိုးဖြင့် ကြွယ်ဝချမ်းသာလာသူများ ပြည်ပတွင်စာရင်း ဖွင့်ထားရှိလာခဲ့ကြသည်။ ပြည်ပတွင် အိမ်များ၊ တိုက်ခန်းများဝယ်ကြသည်။ ကုမ္ပဏီဖွင့်ကြသည်။ နိုင်ငံ့ပို့ကုန်အတွက် ရရှိမည့်ငွေများ (Export Proceeds) များ ပြည်တွင်းသို့ စီးဝင်လာခြင်းမရှိဘဲ၊ ပြည်ပမှာပဲထားကြသည်။ နိုင်ငံခြားငွေကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာ့နိုင်ငံမှ ထွက်သွားသည့် ပို့ကုန်များအတွက် တန်ရာတန်ကြေးကို သတ်မှတ်ချိန်အတွင်း မြန်မာနိုင်ငံအနေဖြင့်ရရှိခြင်း ရှိ/မရှိကို စောင့်ကြပ်ကြည့်ရှုနိုင်သည့် အနေအထားတွင်မရှိပါ။

၁၉၄၇ ခုနှစ် နိုင်ငံခြားငွေကြီးကြပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားငွေစီမံခန့်ခွဲရေးဥပဒေ (Foreign Exchange Management Law) (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၊ ၁၂) ဖြင့် အစားထိုး လိုက်သည်။ ထိုဥပဒေ၏ အခန်း(၄)၊ ပုဒ်မ(၁၅)တွင်“ပြည်ပတွင်နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော ပြည်တွင်း၌ နေထိုင်သူများသည် ယင်း နိုင်ငံခြားငွေအသုံးပြုမှုအား သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံတင်ပြရန် တာဝန်ရှိသည်ဟု ဖေါ်ပြပါရှိသည်။ သို့သော် ပြည်တွင်းနေနိုင်ငံသားများ ပြည်ပတွင် စာရင်းဖွင့်လှစ်မှုများနှင့်ပတ်သက်၍ ထင်သာမြင်သာမရှိမှုကြောင့်၊ ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံမှ ဘဏ်စာရင်း ၅ ခုဖြင့် အပ်နှံထားသည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ (၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ)

မြန်မာနိုင်ငံ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်ထက် သွင်းကုန်က ၂၀၁၃-၁၄ ခုနှစ်တွင် ဒေါ်လာသန်းပေါင်း ၂၅၅၅ ဒသမ ၅ ပိုမိုခဲ့ပြီး ၂၀၁၄ ခု ဧပြီလမှ ၂၀၁၅ ဖေဖော်ဝါရီလအထိ ဒေါ်လာသန်းပေါင်း ၄၆၈၉ ဒသမ ၁ ပိုမိုသည်(CSO)။ သွင်းကုန်များလေ ဒေါ်လာဈေးတက် လေဖြစ်မည်။ ပို့ကုန်အားကောင်းမှ မြန်မာကျပ်ငွေအပေါ် ၀ယ်လိုအား များလာပြီး ကျပ်ငွေတန်ဖိုး မြင့်လာမည်ဖြစ်သည်။
မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံအတွင်းငွေပေးငွေယူကိစ္စများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရမည်ဟု ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့ကဲ့သို့ ကိုယ့်နိုင်ငံတွင် ကိုယ့်ငွေကြေးသာ Legal Tender ဖြစ်၍ ကိုယ့်ငွေတခုတည်းသာ သုံးစွဲရေးမှာ လွန်စွာဖြစ်သင့် ဖြစ်ထိုက်သည့်ကိစ္စဖြစ်သည်။ လက်တွေ့တွင် ထိုညွှန်ကြားချက်ကိုလိုက် နာမှုမရှိသလောက်ဖြစ်နေသည်ကို တွေ့ရသည်။ နှစ်ပေါင်း ၂၀ ကျော်တိုင် ပျက်စီးနေသောစနစ်ကို ပြင်ဆင်နိုင်ရေးအတွက် ထိထိရောက်ရောက် ဖိအားပေး ဆောင်ရွက်ရန် လိုပါသည်။

မြန်မာကျပ်ငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရေးအတွက် နှစ်ကြာမြင့်စွာကပင် ဖြစ်ပေါ်နေခဲ့သည် အထက်ဖော်ပြပါ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန်လိုပါသည်။
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းရခြင်း၏ အနီးကပ်အကြောင်းတရားမှာ ကမ္ဘာတ၀န်းလုံး ဒေါ်လာဈေး မြင့်တက်နေမှုဖြစ်သည်။

မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်တည်ငြိမ်ရေးအတွက် မြန်မာ့ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်ရန် လိုပါသည်။ တန်ရာတန်ကြေးမရဘဲ ခိုးထုတ်ခံနေရသည့် သစ်၊ ကျောက်မျက်ရတနာကိစ္စများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ ပြည်ပကုန်စည်များ တင်သွင်းရာတွင် ဘီယာ၊ ၀ိုင် အပါအ၀င် အရက်သေစာများ၊ အလှကုန်များ စသည့်ကုန်စည်များနှင့် လတ်တလော လိုအပ်မှုမရှိသေးသည့် ဇိမ်ခံပစ္စည်းများကို ပါဝင်ပတ်သက်သည့်လုပ်ငန်း ရှင်များနှင့် ညှိနှိုင်းကန့်သတ်ရန် လိုအပ်မည် ဖြစ်သည်။

မြသူအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

August 07, 2015

မြန်မာရေဘေး ကုလအကူအညီ




 မြန်မာနိုင်ငံ ဒေသအများအပြားမှာ ရေကြီးတဲ့ဒဏ်ကြောင့် သြဂုတ်လ ၆ ရက်နေ့အထိ ဆိုရင် လူပေါင်း ၃၃၀,၀၀၀ ကျော် ဘေးဒဏ် သင့်၊ ၈၈ ဦးသေဆုံး၊ သီးနှံစိုက်ဧက ၂၁၇,၀၀၀ ကျော် ပျက်စီးဆုံးရှုံးတဲ့အကြောင်း လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာကို လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်း ဆောင်ရွက်ရေး UNOCHA ရန်ကုန်ရုံးရဲ့ သြဂုတ်လ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။



အရေးပေါ် အကူအညီတွေပေးဖို့၊ ဒီဘေးအန္တရာယ်ကနေ လက်ရှိ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ အာဟာရမပြည့်ဝမှု ပိုဆိုးလာမယ့် အရေး တားဆီးဖို့ မြန်မာ အစိုးရနဲ့ ပူးပေါင်းပြီးတော့ အလျင်အမြန် လုပ်ဆောင်နေပါတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Dom Scalpelli ကပြောပါတယ်။

သြဂုတ်လ ၆ ရက်နေ့အထိဆိုရင် လူပေါင်း ၁၀၃,၀၀၀ အတွက် စားနပ်ရိက္ခာ ၃၈၇ မက်ထရစ်တန်ကျော်၊ ရေသန့်လုပ်တဲ့ ဆေးပြား ၆၂၀,၀၀၀ ကျော်အပြင် စားနပ်ရိက္ခာ၊ နေစရာ၊ အကာအကွယ်၊ ကျန်းမာရေး၊ ရေနဲ့ သန့်ရှင်းရေးတို့အတွက် အကူအညီ တွေ ပေးထားပြီးပြီလို့ UNOCHA ရန်ကုန်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေ၊ ရခိုင်နဲ့ချင်းပြည်နယ်တွေက သွားလာရခက်ခဲတဲ့ နေရာတွေဆီရောက်ဖို့ရာ အကူအညီပေး အဖွဲ့တွေအနေနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ ရင်ဆိုင်နေရပြီး မြန်မာ တာဝန်ရှိသူတွေ၊ နိုင်ငံတွင်းအဖွဲ့အစည်းတွေနဲ့ အနီး ကပ် ပူးပေါင်းလုပ်ဆောင်နေတယ်လို့ UNOCHA ကပြောပါတယ်။

အခုဆိုရင် ရာသီဥတုအခြေအနေ ကောင်းလာပြီး ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်း ဒေသကြီးတွေဘက်ကို ရေတွေ စီးသွားနေတဲ့ အတွက် မြစ်ရေ တိုးလာပြီး စိုးရိမ်ရတဲ့ အဆင့်ထိ ရောက် သွားပြီးတော့ နောက်ထပ်နေရာတွေ မှာ ရေကြီးမှာကို စိုးရိမ်လာရတယ်လို့ လည်း သတိပေးထားပါတယ်။

ရေဘေးဒဏ်သင့်လူထုကို နောက်ထပ် ကူညီထောက်ပံ့ဖို့ ရန်ပုံငွေ အသစ်တွေ ပေးမယ့်အကြောင်း နိုင်ငံတကာအလှူရှင်တွေက မြန်မာအစိုးရနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေကို ကတိပြုထားပြီးပြီလို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

အရေးကြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အရေးပေါ်အခြေအနေ တုန့်ပြန်လုပ်ဆောင်ရေး ရန်ပုံငွေဆိုင်ရာ ကုလသမဂ္ဂ ဗဟိုဌာန (CERF)၊ မြန်မာနိုင်ငံ အရေးပေါ်အခြေအနေ တုန့်ပြန်လုပ်ဆောင်ရေး ရန်ပုံငွေ (ERF) တို့ကနေ နောက်ထပ် ရန်ပုံငွေတွေပေးဖို့ကိုလည်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးက ပန်ကြားထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အာဏာရှိရေး နဲ့ မူးယစ်ဆေး




 လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဘိန်းဧကတဝက်လောက် စိုက်ပျိုးခဲ့တဲ့ မိသားစုတွေဟာ အခုအခါမှာ တစ်ဧကအထိ တိုးချဲ့ စိုက်ပျိုးလာတယ်လို့ မကြာမီကထုတ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ မှုခင်းရုံးရဲ့  ၂၀၁၅ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘိန်းစိုက်ပျိုးတဲ့မြေဧက တသိန်းခွဲလောက် ရှိပါတယ်။ တရုတ်-မြန်မာ နယ်စပ်မှာ ဘိန်းခင်းတွေပျောက်သွားပြီး အတွင်းပိုင်း ပြည်သူ့စစ်ချုပ်ကိုင်တဲ့ဒေသမှာ ဘိန်းခင်းတွေ တိုးပွားလာပါတယ်။ မူးယစ်ဆေးနဲ့ လက်နက်ကိုင်အဖွဲ့ ဆက်စပ်နေတာကို ပြသတာ ဖြစ်ပါတယ်။

ရာဘ (သို့မဟုတ်) မြင်ဆေးလို့ လူသိများတဲ့ စိတ်ကြွဆေး ထုတ်လုပ်မှုလည်း တိုးပွားလာပါတယ်။ အစိုးရတပ်သြဇာခံ ပြည်သူစစ်ကြီးစိုးတဲ့နယ်မြေမှာ ဝန်ထမ်းကို လာဘ်ထိုးပြီး မူးယစ်ဆေး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ မဆလခေတ်မှာ ကာကွယ်ရေးတပ်ဖွဲ့ကို စစ်တပ်က ဘိန်းလုပ်ခွင့် ပေးထားသလို အခုခေတ်မှာ ပြည်သူ့စစ်က လုပ်ခွင့်ရနေပါတယ်။ အာဏာတည်ဆောက်ရာမှာ အရေးပါအရာရောက်လာတဲ့ ဘိန်းမှောင်ခိုဟာ အချမ်းသာဆုံးပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။ ပြည်သူ့စစ်ခေါင်းဆောင်အချို့ ဆိုရင် ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့အထိ မြှောက်စားခံနေရပါတယ်။

ဝတပ်ဖွဲ့ နဲ့ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်တဲ့နယ်မြေကလွဲပြီး ရှမ်းပြည်နယ်မှာ ဘိန်းမစိုက်တဲ့နေရာ မရှိသလောက်လို့ သျှမ်းသံတော်ဆင့်သတင်းဌာနရဲ့  (၂၀၁၅) မူးယစ်ဆေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရာသီဥတုမကောင်းလို့ အထွက်နည်းမှု၊ အရောင်းအဝယ် ကျဆင်းမှု စတာတွေကြောင့် ဘိန်းစိုက်ပျိုးရေးကနေ ရာဘဆေးပြား ထုတ်လုပ်ရေးဘက်ကို လှည့်လာကြတာလည်း ရှိပါတယ်။ ရာဘ ထုတ်လုပ်တဲ့ပုဂ္ဂိုလ်ဟာ သြဇာတိက္ကမရှိတဲ့ ဒေသခံ ဖြစ်ပါတယ်။ ဘိန်းဘုရင်လို့ နာမည်ကြီးခဲ့သူတွေ မရှိတော့ပေမယ့် ရှမ်းပြည်နယ်မှာ မူးယစ်ဆေး အများအပြား ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ စစ်တပ်နဲ့ အဆင်ပြေသူဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီး အဆင်မပြေသူဟာ ဘိန်းဘုရင်လို့ ကင်ပွန်းတပ်ခံရတဲ့ သဘော ဖြစ်ပါတယ်။ စစ်အာဏာကျယ်ပြန့်ရေးနဲ့ မူးယစ်ဆေးဟာ အမြဲတမ်း ဆက်စပ်နေပါတယ်။

လွန်ခဲ့တဲ့ (၁၅) နှစ်အတွင်း ဘိန်းပပျောက်ရေး စီမံကိန်း အကောင်အထည်ဖော်ခဲ့ပေမယ့် မအောင်မြင်တဲ့အတွက် (၂၀၁၉) ခုနှစ်အထိ စီမံကိန်း တိုးချဲ့ ထားပါတယ်။ ဘိန်းအစားထိုး သီးနှံ စီမံကိန်းတွေဟာ မြို့ နယ်အနှံ့ မရောက်နိုင်သေးပါဘူး။ လစာနဲ့ မစားလောက်တဲ့ ဝန်ထမ်းတွေ မူးယစ်ဆေးနဲ့ ဆက်ပြီးတော့ စီးပွားရှာနေတာ အများသိတဲ့ကိစ္စ ဖြစ်ပါတယ်။ အစိုးရတပ်ရဲ့  စစ်ဆေးရေးဂိတ် (၂) ခုနဲ့ လက်အောက်ခံ ပြည်သူစစ်ဂိတ်ကို ကျော်ဖြတ်လာနိုင်တဲ့ ကျောက်သယ်ကားတွေကို ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ နယ်မှာ စစ်ဆေးတဲ့အခါ ရာဘ မြင်းဆေးပြား (၂) သန်းကျော်နဲ့ ဘိန်းဖြူ (၁၆) ကီလို ဖမ်းဆီးရမိတယ်လို့ တအာင်း (ခေါ်) ပလောင် လွတ်မြောက်ရေးတပ်ဖွဲ့က မတ်လ က ကြေညာပါတယ်။ ရာဘဆေးပြား ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆေးမှုန်ကီလို (၆၀၀) ကျော် ကျောက်မဲမြို့ နယ်မှာ ဇူလိုင်လ (၁၃) ရက်နေ့က ဖမ်းမိပါတယ်။

ဘိန်းဖြူထုတ်လုပ်ရတာ စရိတ်အကုန်အကျများပြီး အချိန်ကြာတာကြောင့် အလွယ်တကူ ထုတ်လုပ်နိုင်တဲ့ ရာဘဆေးပြား ထုတ်လုပ်သူတွေများလာတာလို့ သျှမ်းမူးယစ်ဆေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရာဘဆေးပြားကို တောရောမြို့ ပါ စားသုံးကြတာမို့ လက်လီလက်ကား ရောင်းဝယ်နိုင်ကြပါတယ်။ ဥပမာ လားရှိုးမှာဆိုရင် ရာဘအတွက် လမ်းတလမ်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ အလွယ်တကူ စားသုံးနိုင်တဲ့ ရာဘဆေးပြားကို ထုတ်လုပ်သူ များပြားလာပါတယ်။ ဘိန်းခင်းကို ဖျက်ဆီးနိုင်ပေမယ့် နေရာရွှေ့ နေတဲ့ ရာဘသမားကို ဖမ်းမိဖို့ ခက်ခဲပါတယ်။ ရှမ်းပြည်နယ်အပြင် ကချင်၊ ကယား နဲ့ ချင်းပြည်နယ်မှာလည်း မူးယစ်ဆေး ထုတ်လုပ်မှု များလာပါတယ်။ ကချင်ပြည်နယ်မှာ မူးယစ်ဆေး စားသုံးမှု တိုးပွားလာတာကြောင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်နေရပါတယ်။

မြန်မာအစိုးရကတော့ ဓါတ်ပုံအများအပြားပါဝင်တဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး နှစ်ပတ်လည် အစီရင်ခံစာကို (၂၀၁၃) က ထုတ်ပါတယ်။ ထုံးစံအတိုင်း အစိုးရလုပ်ပုံကို အမွှန်းတင်ထားပါတယ်။ ဒါပေမဲ့ အစိုးရတပ်နဲ့ အခြားလက်နက်ကိုင်တွေပါဝင်တဲ့ အာဏာတည်ဆောက်ရေး လုပ်ငန်းဖြစ်နေလို့ မူးယစ်ဆေးတိုက်ဖျက်ရေး မအောင်မြင်တာလို့ သုံးသပ်ကြပါတယ်။ ကွယ်လွန်သူ လော်စစ်ဟန်နဲ့ ခွန်ဆာတို့ဟာ ဘိန်းဘုရင်အဖြစ် နာမည်ရပါတယ်။ ၁၉၈၈ မှာ စစ်အစိုးရတက်လာပြီး အပစ်အခတ်ရပ်စဲတဲ့အခါ ဘိန်းဘုရင်တွေဟာ ဒဏ်ခတ်အရေးယူခံနေရတဲ့ စစ်အစိုးရရဲ့  မဟာမိတ်ကြီးများ ဖြစ်လာပါတယ်။

ဒေသခံနိုင်ငံရေးခေါင်းဆောင်၊ စစ်ဗိုလ်၊ ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင်၊ တရုတ်လုပ်ငန်းရှင်စတဲ့ ပုဂ္ဂိုလ်တွေဟာ မူးယစ်ဆေးဈေးကွက်မှာ အဓိက ပါဝင်သူတွေ ဖြစ်လာပါတယ်။ ဆင်းရဲသားစိုက်ပျိုးတဲ့ဘိန်းကို ဒီပုဂ္ဂိုလ်တွေက ခြယ်လှယ်ကြပါတယ်။ အာဏာတည်ဆောက်တာကို ပံ့ပိုးကူညီကြတဲ့ မူးယစ်ဆေးမှောင်ခိုဟာ စစ်တပ်ရဲ့  မဟာမိတ် ဖြစ်လာပါတယ်။ အာဏာရပါတီ ရန်ပုံငွေရှာရာမှာလည်း ဘိန်းမှောင်ခိုဟာ တတပ်တအား ဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ အဆင်ပြေတဲ့ မူးယစ်ဆေးလုပ်ငန်းရှင်တွေဟာ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးမှာ အခိုင်အမာနေရာယူထားကြပြီးဖြစ်လို့ တဖြည်းဖြည်းနဲ့ အနောက်တိုင်းကပါ အသိအမှတ်ပြုရတဲ့ အဖြစ်ကို ရောက်ရှိလာနိုင်ပါတယ်။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘုရားကြီး လူထုနဲ့  တွေ့ ဆုံစဉ် ပြောကြားသော မိန့် ခွန်း (ရုပ်/သံ)



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲခူးတိုင်း ဘုရားကြီး ပြည်သူလူထုအားပြောကြားသော မိန့်ခွန်း (ရုပ်/သံ)


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြိုနေအိမ်မှ စတင်ထွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဘုရားကြီး လမ်းဆုံ ထွန်းထွန်းမြင့်အောင် ဓါတ်ဆီဆိုင်ရှေ့တွင် ဒေသခံ ပြည်သူများနှင့် တွေ့ ဆုံ ဟောပြောခဲ့သည်။

သတင်း-ဓါတ်ပုံ ။ ။ National League for Democracy




August 06, 2015

တပ်တွင်းမဲရုံ မဲရုံ၏အင်္ဂါရပ်မညီပါက အပြင်ထုတ်မည်



တပ်တွင်းမဲရုံ မဲရုံ၏အင်္ဂါရပ်မညီပါက အပြင်ထုတ်မည် (ဓါတ်ပုံ-မူအက်စတာ)
  ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်တပ်တွင်းထားရှိမည့် မဲရုံများသည် မဲရုံ၏ အင်္ဂါရပ်နှင့် မကိုက်ညီပါက အပြင်ထုတ်ထားမည်ဖြစ်သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးကျော်ဆန်းဝင်းက သြဂုတ်လ ၄ ရက်နေ့တွင် ပြောသည်။

မဲရုံတွင်းတွင် လွှတ်လပ်စွာဖွင့်ခွင့်ပေးရမည်ဖြစ်သည့်အပြင် ရွေးကောက်ပွဲ လေ့လာမည့် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များ ၊ ပြည်တွင်းလေ့လာစောင့်ကြည့်သူများ ၊ မဲရုံကိုယ်စားလှယ်များ ၊ သတင်းသမားများ ကို ဝင်ခွင့်ပေးနိုင်ရမည်ဟု ဆိုသည်။

ဦးကျော်ဆန်းဝင်းက ̏ ဒါတွေကို ဝင်ခွင့်မပေးနိုင်ဘူးဆိုရင်တော့ တပ်ထဲမှာပေးမဖွင့်တော့ဘူး။ အဲ့ဒါကတော့ မဲရုံကိုအပြင်ထုတ်ရလိမ့်မယ် ̋ ဟုပြောသည်။

တပ်ထဲတွင် မဲရုံထားရှိလျှင် အခြားသာမန်မဲရုံများ၏ အင်္ဂါရပ်နှင့် ကိုက်ညီမှသာလျှင် မဲရုံစီစဉ်နိုင်မည်ဖြစ်ပြီး စစ်တပ်မှ စည်းကမ်းချက်အချို့ မလိုက်နာပါက မဲရုံကို အပြင်တွင်ထုတ်ထား မည်ဖြစ်သည့်အတွက် တပ်တွင်းမဲဆန္ဒရှင်များသည် နီးစပ်ရာ အုပ်စုကျေးရွာသို့ မဲသွားထည့်ရမည်ဖြစ်သည်။

၂၀၁၅ ခုရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဝင်ပြိုင်မည့် ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးနန်းရီက တပ်ထဲမဲရုံထားမည့် ကိစ္စနှင့် ပတ်သက်၍ ̏ တပ်ထဲမှာ မထားပဲနဲ့ အပြင်မှာ သူများနည်းတူသွားထားရင် ပိုကောင်းတာပေါ့လို့ ကျွန်တော် UEC ကိုအကြံပြုဖူးတယ်၊ ကျနော်တို့လည်း လွတ်လွတ်လပ်လပ် သွားချင်တယ်လို့ ကျနော်ပြောခဲ့ဖူးတယ် ဒါပေမယ့် သူတို့က လက်မခံဘူး တပ်ထဲဟာ တပ်ထဲမှာပဲထားမယ်လို့ သူတို့ကပြောတယ် သွားလာလို့ရရင်ရနိုင်တယ်လို့ ကျနော့်ကို ပြောခဲ့တယ် ဒါပေမယ့် ကျနော့် အတွက်တော့ မလွတ်လပ်ဘူးပေါ့ ̋ ဟု ပြောသည်။

သို့သော် မဲရုံတွင်း မဲရုံစောင့်ကြည့်သူများ၊ သတင်းသမားများနှင့် တာဝန်ရှိသူများကို ဝင်ခွင့်မပြုလျှင်၊ မဲရုံစည်ကမ်းနှင့်မကိုက်ညီလျှင် မဲရုံကိုအပြင်တွင် ထုတ်ထားမည်ဟူသောကြောင့် ထိုအချက်သည်သင့်တော်ကြောင်းဦးနန်းရီက ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်းရှိ တပ်များအားလုံး မဲရုံများဖွင့်ပေးရန် ရှိကြောင်း သို့သော် အချို့တပ်တွင် မဲဆန္နရှင် နည်းလျှင် နည်းသည့်တပ်နှင့် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

မဲရုံဝန်ထမ်းများကိုလည်း တပ်ကလူများကိုမခန့်အပ်ဘဲ ပညာရေးဝန်ထမ်းများကိုသာ ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

ဝေးလံသည့်ဒေသတွင်းရှိ ကျေးရွာအုပ်စုများထဲတွင် ပညာရေးဝန်ထမ်းမရှိလျှင် ပါတီကင်းရှင်းသည့် ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

တပ်အတွင်းထားရှိသော မဲရုံများသည် တပ်သားနှင့်တပ်မိသားစုများအတွက်သာ ဖြစ်သည်။

ကယားပြည်နယ်တွင် တပ်ရင်းပေါင်း ၂၄ရင်း တည်ထားရှိပြီး ၄င်းတို့မှာ လွိုင်ကော်မြို့နယ်တွင်း ၁၂ ရင်း၊ ဒီးမော့ဆိုမြို့နယ်တွင်း ၃ရင်း၊ ဖရူဆိုမြို့နယ်တွင်း ၃ ရင်း၊ ဘောလခဲမြို့နယ်တွင်း ၄ ရင်း၊ ဖားဆောင်းမြို့နယ်တွင်း ၂ ရင်းနှင့် မယ်စဲနှင့် ရွာသစ်တို့တွင် နယ်ခြားစောင့်တပ် အသီးသီးရှိကြောင်း သိရသည်။ ၄င်းတပ်ရင်းလားလုံးတွင် မဲပေးနိုင်သော တပ်သားနှင့် တပ်မိသားစုဝင်များ ၆၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

Written by မူအက်စတာ
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org

ရေဘေးအတွက် တပ်မတော်လေတပ် အကူညီနဲ့ ဒေါ်အောင်ဆန်းစုကြည် လှူဒါန်း



ပဲခူးမြို့မှာ သြဂုတ်လ ၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ် ။ Photo: Kyaw Htoon Naing/RFA
 ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နဲ့ အနီးတဝိုက်နေ ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းတဲ့ စားနပ်ရိက္ခာနဲ့လူသုံးကုန် ပစ္စည်းတွေကို ကူညီပို့ဆောင်ပေးဖို့ တပ်မတော်လေတပ်ကို မနေ့က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

အဲဒီ ထောက်ပံရေးပစ္စည်းတွေကို ပလက်ဝမြို့ ပို့ပေးဖို့ အတွက် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်က ဗိုလ်မှူးကြီးအောင်ကျော်ထွန်းထံ ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံခဲ့တဲ့စာနဲ့ လေတပ်စခန်းက ပစ္စည်းတွေ လက်ခံရယူခဲ့တဲ့ ဓါတ်ပုံတွေကိုလည်း ဒေါ်ခင်ကြည်ရံပုံငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဂုတ်လ ၅ ရက်နေ့စွဲနဲ့ ရေးသားတဲ့စာမှာ ရေဘေးသင့် နေတဲ့ ချင်းပြည်နယ် ပလက်ဝဒေသခံပြည်သူတွေအတွက် တထုပ်ကို ကျပ် ၅ သောင်း ကျော်တန်ဖိုးပါဝင်တဲ့ အရေးပေါ်ထောက်ပံ့ရေးပစ္စည်း အထုပ် ၅ဝ ကို တပ်မတော်က လေယဉ်ပျံတွေ ရဟတ်ယဉ်တွေနဲ့ ကူညီပို့ဆောင်ပေးစေ လိုကြောင်း၊ အထုပ်တထုပ်မှာ ဆန်ငါးပြည်နဲ့အတူ ငါးသတ္ထာတွေ၊ တာလပတ်၊ ခြင်ထောင်၊ စောင်၊ တောစီးဖိနပ်၊ အိုးခွက်စတဲ့ ပစ္စည်းတွေပါဝင်ပြီး ဆန်အိတ်တွေ ကို ရေမစိုအောင် ပလပ်စတစ်နဲ့ လေးထပ်ထုပ်ပိုးထားကြောင်းစသဖြင့် ပါရှိပါတယ်။

ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဖွဲ့စည်းထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရံပုံငွေအဖွဲ့ကို ရေဘေးဒဏ်ကယ်ဆယ်ရေးအတွက် မနေ့က ညနေအထိ ပြည်တွင်းပြည်ပ အလှူငွေ ကျပ် သိန်းပေါင်း ၉၃ဝ ကျော်ရှိပါတယ်။

ပြည်ပအလှူရှင်တွေထဲမှာ အများဆုံးက ရန်ကုန်မြို့ရှိ ILBC,YIS နဲ့ အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း ကဖြစ်ပြီး လှူဒါန်းငွေကျပ် သိန်း ၅ဝဝ ဖြစ် ပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေကလည်း ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကို အများအပြားလှူဒါန်းနေကြပြီး  ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ် လစ်မြို့မှာ နေထိုင်သူ ဇနီးမောင်နှံ၂ ဦးက သူတို့အိမ်ပြင်ဖို့စုဆောင်းထားတဲ့ ငွေ ကျပ်သိန်း ၁ဝဝ ကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ ရေးဘေးအကူအညီ




 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့အနီးတဝိုက်က ကယ်ဆယ်ရေး အကူအညီ ရောက်ဖို့ ခက်ခဲတဲ့နေရာတွေကို ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ဖောင်ဒေးရှင်းက သွားရောက်လှူဒါန်းနေရာမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ရပါတယ်။ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။

ရိုက်ကူး - အောင်သိင်္ခ၊ ထက်အာကာ
RFA MyanmarVideoChannel

ရေဘေးအတွက် နိုင်ငံခြား အလှူငွေတွေ စရောက်လာ



ရေဘေး ဒုက္ခသည်တွေအတွက် အိမ်ယာပြန်လည် တည်ဆောက်ရေး ပစ္စည်းတွေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေ လှူဒါန်းရင် ပိုအသုံးဝင်
 မြန်မာနိုင်ငံက ရေဘေး ဒုက္ခသည်တွေ အတွက် နိုင်ငံခြား အလှူတွေ စတင် ရောက်ရှိလာနေပြီ ဖြစ်ရာမှာ ဗီယက်နမ် နိုင်ငံက ဒေါ်လာ ၅ သောင်း၊ စင်ကာပူက ဒေါ် လာ ၁ သိန်း၊ ဂျပန်က ဒေါ်လာ ၁သိန်းခွဲ၊ မလေးရှား ပက်ထရိုနက် ရေနံကုမ္ပဏီက ဒေါ်လာ ၁ သိန်းခွဲ၊ ထိုင်းက ဘတ်ငွေ ၅ သန်း အစ ရှိသဖြင့် နိုင်ငံခြား အလှူငွေတွေကို လက်ခံ ရခဲ့ပါတယ်။

သောက်သုံးရေ၊ အစားအသောက်နဲ့ ဆေးဝါး လှူဒါန်းတာမျိုးတွေလည်း ရှိပါတယ်။

ဘင်္ဂ္လားဒေ့ရှ်၊ အိန္ဒိယ၊ သြစတြေးလျ၊ အမေရိကန် စတဲ့ နိုင်ငံတွေ ကလည်း လှူဒါန်းဖို့ ပြင်ဆင်နေကြတဲ့အကြောင်း ဖုန်းဆက် အကြောင်းကြား လာတာ ရှိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

တရုတ်နိုင်ငံက ကယ်ဆယ်ရေး Blue Sky အဖွဲ့တဖွဲ့ကတော့ လူကိုယ်တိုင် လာရောက်ပြီး ရေဘေး ဒုက္ခသည်တွေအတွက် ကူညီဆောင်ရွက်မှုတွေ စလုပ်နေတယ်လို့ ဆိုပါတယ်။

ပြန်လည် ထူထောင်ရေးအတွက် အိမ်ယာ ပြန်လည် တည်ဆောက်ရေး ပစ္စည်းတွေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေ လိုအပ်နေပြီး ဒါတွေကို လှူဒါန်းမယ် ဆိုရင် အသုံးဝင်မှာ ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

မနေ့ ညနေပိုင်း အထိကတော့ နိုင်ငံခြားကနေ ဒေါ်လာ ၅ သောင်းနဲ့ ၁ သိန်းခွဲအထိ လောက်ပဲ လှူဒါန်းတာ တွေ့ရပြီး ဒေါ်လာ သန်းချီပြီး အကူအညီ ပေးတာမျိုးတွေကိုတော့ လောလောဆယ် မတွေ့ရသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese

ထိုင်းပြည်သူများက ရေဘေးသင့် မြန်မာများအတွက် ကျပ် ၇၅သန်းတန်ဘိုးရှိ ကယ်ဆယ်ရေးပစ္စည်း ကူညီ




 သြဂုတ် ၅ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)

 လတ်တလော ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ ရေကြီးမှု ဒဏ်ကြောင့် ရေဘေးသင့် ပြည်သူများအတွက် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှ ထိုင်းပြည်သူများက ငွေကျပ် ၇၅သန်းတန်ဘိုးရှိ ကယ်ဆယ်ရေး ပစ္စည်းများကို ယနေ့ သြဂုတ် ၅ရက်နေ့၊ မွန်းလွဲပိုင်း တွင် မဲဆောက်မြို့မှတဆင့် ကရင်ပြည်နယ်ဘက်ခြမ်းရှိ မြ၀တီမြို့သို့ သွားရောက်လှူဒါန်းခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာနိုင်စုံချိုင်း ခပ်တိယစံတီက “ထိုင်းနိုင်ငံတာခ့်ခရိုင် ၉မြို့နယ်က ပြည်သူတွေက မြန်မာရေဘေးသင့် မိတ်ဆွေတွေအတွက် ကူညီတာပါ။ အခုလို မြန်မာနိုင်ငံဘက်မှာ ရေဘေးဒဏ် ဆိုးရွားစွာ ခံစားနေရတဲ့အ တွက် အတော့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် အခုလို ကယ်ဆယ်ရေးပစ္စည်းတွေကို လှူဒါန်းရတာဖြစ်တယ်”ဟု ပြော ဆိုသည်။

အစားသောက်၊ ဆေးဝါးနှင့် အ၀တ်အထည်များ အပါအ၀င် ထိုင်းဘတ်ငွေ ၂၅သိန်း တန်ဘိုးရှိ ကယ်ဆယ်ရေး အထောက်အကူ ပြုပစ္စည်းများကို ယနေ့တွင် လှူဒါန်းခဲ့ပြီး နောက်ရက်များတွင်လည်း ဆက်လက် လှူဒါန်းသွားမည်ဟု ထိုင်းအလှူရှင်များက ပြော ဆိုသည်။

ယနေ့ပေးအပ်သည့် အလှူပစ္စည်းများကို တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် တာဝန်ရှိသူများ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဦးလွင်ကိုဦးက “ဒီပစ္စည်းတွေကို ဒီနေ့ပဲ ကရင်ပြည်နယ်အစိုးရဆီကို ပို့ဆောင်လွဲပြောင်းပေးမှာဖြစ်တယ်။ အဲဒီကနေ ရေဘေး ဒဏ် ခံစားနေရတဲ့ ပြည်သူတွေဆီကို အမြန်ဆုံး ဆက်လက်ပို့ဆောင်ပေးမှာဖြစ်တယ်”ဟု မြန်မာနှင့် ထိုင်းသတင်းထောက်များ ကို ပြောဆိုခဲ့သည်။

သြဂုတ် ၅ရက်နေ့၊ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသားများ မြ၀တီတွင် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်နေစဉ်။
 သြဂုတ် ၅ရက်နေ့၊ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသားများ မြ၀တီတွင် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်နေစဉ်။


သြဂုတ် ၅ရက်နေ့၊ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသားများ မြ၀တီတွင် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်နေစဉ်။


လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ကျော်က အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် ရေဘေး ဒဏ် ဆိုးရွာစွာ ခံစားခဲ့ကြရသည်အတွက် ပြည်သူ ၅၀နီးပါး သေဆုံးကာ နှစ်သိန်းကျော် ဒုက္ခရောက်ခဲ့ကြရသည်။ ရခိုင်ပြည်နယ် အပါအ၀င် ဒေသအချို့တွင် ရေပြန်ကျသွားခဲ့သော်လည်း ရေဘေးသင့်ပြည်သူများမှာ သောက်ရေနှင့် အစားအစာများ ပြတ်လပ် မှုနှင့် ရင်ဆိုင်နေရသည်ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဆိုသည်။

၂၄နှစ်တာ ကာလအတွင်း ဖြစ်ပွားသည့် အဆိုးရွားဆုံး ရေဘေးဒုက္ခဖြစ်သည့်အတွက် မြန်မာအစိုးရမှ နိုင်ငံတကာသို့ အကူအညီ များ တောင်းခံထားပြီး နိုင်ငံတကာမှ အလှူရှင်များ တိုက်ရိုက်လေကြောင်းဖြင့် လာရောက်နိုင်ပြီး လေယာဉ်များ ဆင်းသက်နိုင်ရန် မန္တလေးနှင့် နေပြည်တော်လေဆိပ်များကို ဦးစားပေး ဆင်းသက်ခွင့်ပြုထားသည်။

ထိုင်းနိုင်ငံသားများနည်းတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် လူမှုရေးအဖွဲ့အစည်းများကလည်း ရေဘေးသင့်ပြည်သူ များအတွက် အလှူပစ္စည်းများကို အလှူခံဋ္ဌာနများဖွင့်လှစ်ကာ ကောက်ခံလျှက်ရှိပြီး မကြာမီ ရေဘေးသင့်ဒေသများသို့ ပေးပို့သွား မည်ဖြစ်ကြောင်း သိရှိရသည်။

 (ကေအိုင်စီ)
http://kicnews.org

Related Posts Plugin for WordPress, Blogger...