လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
လာရောက်လည်ပတ်သော မိတ်ဆွေအပေါင်း ကာယသုခ စိတ္တသုနှစ်ပါးနှင့်ပြည့်စုံကြပါစေ မအားလပ်သည့်အတွက် ကျွန်တော်စာမျက်နှာ လှည့်မကြည့်မိတာ ပရိတ်သတ်များအား အရမ်းအာနာပါတယ်ဗျာ။ ခွင့်လွတ်ပေးနိုင်မည်လိုယုံကြည်ပါတယ်။ လိုအပ်ချက်လေး/ခံစားချက်လေး ရှိရင် မှန့်မှာ ပြောခဲ့ပါ ကျေးဇူးတင်ပါတယ်၊။ မောင်ဝံသ (တနင်္သာရီ)

August 07, 2015

အသည်းရောင် အေပိုးရှိသောသူများသည် ဘီပိုးနှင့် စီပိုး ရှိသည်ဟု အမှတ်မှားကာ ရောဂါ စစ်ဆေးလေ့ရှိဟုဆို




 အသည်းရောင် အေပိုးရှိသော သူများသည် ဘီပိုးနှင့်စီပိုးရှိသည်ဟု အမှတ်မှားကာ ရောဂါစစ်ဆေးလေ့ ရှိသည့်အတွက် အသည်းရောင် အေပိုးရောဂါအဖြစ်များကြောင်းသိရသည်။

“လူအများစုက မျက်လုံးတွေ ဝါလာတယ်။ အသားတွေဝါလာတယ်ဆိုရင် အရက်ကြောင့် (သို့) အသည်း ရောင်ဘီပိုး၊ စီပိုးကြောင့် ဖြစ်တယ်လို့ပဲ သိကြတယ်။ ဘီပိုးနဲ့စီပိုးကိုစစ်ရင် တွေ့နိုင်ပေမယ့် အေပိုးကြတော့ စစ်ဆေးဖို့ခဲယဉ်းတယ်။ အများစုကလည်း ဘီပိုးနဲ့စီပိုးကိုသာ စစ်ကြတာများတယ်။ အေပိုးကို စစ်သူနည်းတယ်။ အဲ့ဒါကြောင့် အသည်းရောင် အေပိုးရှိတဲ့ ၄၀ ရာခိုင်နှုန်းလောက်က ကိုယ့်ကိုယ်ကိုယ် အသည်းရောင်အေပိုး ရှိမှန်းကို မသိကြတဲ့အတွက် အဖြစ်များတာတွေ့ရတယ်” ဟု ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)က ပြောသည်။

အဆိုပါရောဂါသည် မသန့်ရှင်းသော အစားအစာ၊ မသန့်ရှင်းသော ရေ၊ ရေခဲနှင့် မချက်ပြုတ်ရသေးသော အစားစာများမှတစ်ဆင့် အများဆုံး ကူးစက်နိုင်ကြောင်း၊ အဆိုပါ အသည်းရောင်အသားဝါ အေပိုးသည် RNA ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်၍ ထိုအေပိုး အရွယ်အစားမှာ ၂၇၊ ၂၉ နာနိုမီတာ ခန့်သာရှိပြီး အလွန်သေးငယ်သော microscope ဖြင့် အဆတစ်သိန်းကျော် ချဲ့ကြည့်မှသာလျှင် တွေ့မြင်နိုင်ကြောင်း သိရသည်။

“ဒီရောဂါပိုးက အလွန်သေးငယ်တဲ့အတွက် အလွယ်တကူ မတွေ့မြင်နိုင်ပါဘူး။ တစ်ဦးနဲ့တစ်ဦီး ထိတွေ့ဆက်ဆံတာနဲ့တင် ကူးစက်နိုင်သလို ရောဂါပိုးရှိတဲ့ အစားအသောက်တွေက တစ်ဆင့်လည်း ကူးစက်နိုင်တယ်။ မသန့်တဲ့ အစားသောက်တွေက အစာလမ်းကြောင်းကနေ တစ်ဆင့် အသည်းထဲကို ရောက်ရှိလာတယ်။ ပြီးတော့ အသည်းထဲမှာ ဒီရောဂါပိုးတွေ ပွားတယ်။ အသည်းနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဆဲလ်တွေကို ထိခိုက်ပျက်စီးစေတာကိုတွေ့ရတယ်။ အသည်းရောင် အသားဝါအေရောဂါမဖြစ်ခင် ၂ ပတ် ခန့်အလိုမှာ ရောဂါလက္ခဏာ ပြလာတယ်။ ၁ ပတ်အတွင်းမှာတော့ ကူးစက်နိုင်ခြေက အမြင့်မားဆုံးပဲ။ ဥပမာ တစ်နေရာက အစားအသောက်တစ်ခု စားခဲ့တယ်ဆိုရင်တောင် ချက်ချင်းတော့ မဖြစ်ပေမယ့် ၁ ပတ်ကျော် ၂ ပတ်ခန့် အကြာမှာတော့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတာကို တွေ့ရတယ်” ဟု ဒေါက်တာမြင့်သန်းထွန်းကပြောသည်။

ယင်းအသည်းရောင် အသားဝါအေပိုးသည် အသည်းမှတစ်ဆင့် အစာအိမ်လမ်းကြောင်းသို့ ရောက်ရှိပြီး ဝမ်း(မစင်)မှတစ်ဆင့်လည်း ရောဂါပိုးကို ကူးစက်နိုင်ကြောင်းနှင့် ရောဂါပိုးကူးစက်ပါက ၂ ပတ်ခန့်အလိုတွင် ရောဂါလက္ခဏာပြသကြောင်း အဆိုပါရော ဂါဖြစ်ပေါ်လာပါက ဆီးဝါခြင်း၊ အစားသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းတွင်အရောင် ဖျော့လာခြင်း၊ ဝမ်းချုပ်ခြင်း (သို့) ဝမ်းသွားခြင်း အစရှိသော ရောဂါလက္ခဏာများကို ခံစားရနိုင်ကြောင်း သိရသည်။

“အေပိုးကူးစက်ခံရပြီ ဆိုရင်တော့ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ လျော့နည်းလာမယ်။ အဲ့လိုလျော့နည်း လာတဲ့အတွက် ဆီးအရောင်ကဝါလာတာကနေ ဆီးရောင်ရင့်လာမယ်။ အသည်းရှိတဲ့ ညာဘက်အခြမ်းနာမယ်၊ အသားယားမယ်၊ စတဲ့ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာမယ်” ဟု ပြောသည်။

အဆိုပါ အသည်းရောင်အသားဝါ အေခံစားနေရပါက ကောင်းမွန်စွာ အနားယူခြင်း၊ ရေများများသောက်ခြင်း၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို များများစားပေးခြင်းတို့ ပြုလုပ်ရန်လိုအပ်ပြီး အဆီများသော အစားအစာများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုးဆေးဖြင့် ပြုလုပ်ထားသော အစားအစာများ၊ ဂက်စ်ပါသော အချိုရည်များ၊ အရက် နှင့်အခြား အသည်းကိုထိခိုက်စေသော အစားစာများကို ရှောင်ကြဉ်သင့်ကြောင်းသိရသည်။

သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies

0 မှတ်ချက်ရေးရန်:

Post a Comment

Related Posts Plugin for WordPress, Blogger...