(မဲလဘုန်း)။ ။ ကမ္ဘာနှင့်အဝန်း ဈေးကွက် ခွဲခြမ်းစိတ်ဖြာသည့် ကုမ္ပဏီ Ovum
၏ သုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ မိုဘိုင်းသုံးစွဲမှု အရေအတွက်မှာ ၈၇ ဒသမ ၎
ရာခိုင်နှုန်းအထိ ကြီးထွားဖွံ့ဖြိုးလာခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် တိုးလာရာ
၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်တွင် ၁၀ ဒသမ ၇ သန်းအထိ ရှိလာခဲ့သည်။ ဈေးကွက်တွင်
သိရှိဝယ်ယူမှုနှုန်း (တစ်နည်း ဈေးကွက် ထိုးဖောက်မှု) မှာလည်း ၂၀၁၃ ခုနှစ်
နှစ်ကုန်ပိုင်းက ၁၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၁၉ ဒသမ ၉
ရာခိုင်နှုန်းအထိ တက်လာခဲ့သည်ဟု ဆိုသည်။
နောက်ဆုံး ခန့်မှန်းခြေ အစီရင်ခံစာအရ ဆက်သွယ်ရေး ကုမ္ပဏီ
(operators)များက ၎င်းတို့၏ ကွန်ရက်များကို နယ်မြို့များနှင့် ကျေးလတ် အထိပါ
တိုးချဲ့လာခဲ့သောကြောင့် ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းတွင် မိုဘိုင်းသုံးစွဲသူ
၁၄ ဒသမ ၈သန်းသာ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်အကုန်တွင် ၃၈ ဒသမ ၅ သန်းအထိ ၂၁
ရာခိုင်နှုန်း တိုးတက်လာမည်ဟု ဆိုသည်။Ovum ၏ သုတေသန ခွဲခြမ်းစိတ်ဖြာသူလည်းဖြစ်၊ အစီရင်ခံစာကို ရေးသားသူလည်းဖြစ်သည့် ဗီဗက် ရွိုင်း၏ ပြောကြားချက်အရ မိုဘိုင်းသုံးစွဲမှုကို ဖွံ့ဖြိုးကြီးထွားလာစေသည့် အဓိက မောင်းနှင်အားများမှာ ဆင်းကတ် (SIM) များ အလွယ်တကူရနိုင်မှုနှင့် ဆင်းကတ်ဈေးနှုန်းနှင့် ဖုန်းခေါ်ဆိုခများတွင် အကြီးအကျယ် ကျဆင်းသွားခြင်းပင်ဖြစ်သည်ဟု ဆိုသည်။
အူရီးဒူး (Ooredoo)နှင့် တယ်လီနော (Telenor) ဆက်သွယ်ရေး ကုမ္ပဏီများက ဆင်းကတ်များကို တစ်ကတ်လျှင် မြန်မာကျပ်ငွေ ၁,၅၀၀ကျပ် (ကန်ဒေါ်လာ ၁ ဒသမ ၅၀) ဈေးဖြင့်သာ ရောင်းချနေပြီး ပြည်တွင်း ဖုန်းခေါ်ဆိုမှုမှာလည်း တစ်မိနစ်လျှင် ၂၅ ကျပ်၊ မက်ဆေ့တစ်ခါပို့လျှင် ၁၅ ကျပ်သာ ယူတော့သည်။ ဖြေလျှော့မှုလွန်ခေတ်ထဲသို့ လှမ်းဝင်လာသည်နှင့်အမျှ ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် အူရီးဒူးနှင့် တယ်လီနောတို့ ၀င်ရောက်လာမှုနှင့်အတူ မြန်မာမိုဘိုင်းဈေးကွက်မှာ ဖွံ့ဖြိုးမှုအဆင့်သစ်တစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့လာရပြီ ဖြစ်သည်။
ယမန်နှစ် သြဂုတ်လက အူရီးဒူးက 3G ကွန်ရက်များကို မြန်မာ အဓိကမြို့ကြီးများဖြစ်သည့် မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့ကြီးများတွင် စတင်ဖြန့်ကျက်ခဲ့ပြီး မြန်မြန်ဆန်ဆန် ချဲ့ထွင်လာခဲ့ရာ စက်တင်ဘာအကုန်ခန့်တွင် ၇၈မြို့အထိ မိုဘိုင်းဝန်ဆောင်မှုများ လက်လှမ်းမီ ရောက်ရှိလာနိုင်ခဲ့ပြီး လူပေါင်း ၁၄ သန်း အရေအတွက်အထိ အသုံးပြုလာနိုင်ခဲ့သည်။
ဖြေလျှော့မှု မတိုင်မီကမူ ဆင်မ်းကတ်များကို အစိုးရက ထိန်းချုပ်ကန့်သတ်ထားခဲ့ပြီး ဆင်းကတ် ဈေးနှုန်းများမှာလည်း မယုံနိုင်စရာ မြင့်မားလွန်းလှကာ သာမန်ပြည်သူများ လက်လှမ်းမမီခဲ့ပေ။ အသစ်ဝင်လာသည့် ဆက်သွယ်ရေး ကုမ္ပဏီ နှစ်ခုစလုံးက ၎င်းတို့၏ ကိုယ်ပိုင်တံဆိပ်များဖြင့် ဆင်းကတ်များကို ဈေးပေါပေါဖြင့် ထုတ်ရောင်းလိုက်သည့်အတွက် မှောင်ခိုဈေးကွက်မှာ အလိုလို ပျောက်သွားခဲ့သည်။
ထို့အပြင် ပြိုင်ဘက်သစ်များ ၀င်ရောက်လာသောကြောင့် ရှိရင်းစွဲ မြန်မာ့ဆက်သွယ်ရေးက ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် ဖုန်းခေါ်ခများကို ချရတော့မည့် အနေအထားသို့ ရောက်ရှိသွားစေခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးက တစ်မိနစ် ဖုန်းခေါ်ဆိုခကို ၅၀ ကျပ်မှ ၂၅ ကျပ်သို့ ချပေးခဲ့သည်။ မက်ဆေ့ပို့ခကို တစ်ကြိမ်လျှင် ၂၅ ကျပ်မှ ဆွေသဟာအစီအစဉ်အရ ၃၅ ကျပ်သို့ ချပေးခဲ့သည်။
‘မြန်မာက သူ့ဈေးကွက်ကို ယှဉ်ပြိုင်မှုအသစ်ဆီ ဖွင့်ပေးလာတာနဲ့အမျှ မိုဘိုင်းဝန်ဆောင်မှု ဈေးနှုန်း ပြင်ဆင်မှုတွေကို မျှော်လင့်ထားပြီးသားဆိုတာ အသိသာကြီးဆိုပေမယ့်လည်း ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေအနေနဲ့ ဈေးနှုန်းစစ်ပွဲ ဆင်နွှဲနေတာက ရပ်ပြီး ပိုမိုတဲ့တန်ဖိုးတွေ၊ အသုံးစရိတ်တွေ ပေါင်းထည့်တာတွေကနေ သူတို့အသီးသီးရဲ့ ၀န်ဆောင်မှုကို တစ်မူထူးခြားအောင်လုပ်ပြီး ရေတိုရေရှည် အကျိုးများစေမယ့်နည်းကို စဉ်းစားသင့်ပြီ’’ ဟု ရွိုင်းက မှတ်ချက်ပေးသည်။
မြန်မာမိုဘိုင်း ဈေးကွက်ထဲကို လှမ်းဝင်လာ၍ ငါးလတိုင်လာသည့်အခါ ၎င်းတို့ နှစ်ဦးစလုံးက သူတို့၏ မိုဘိုင်းသုံးစွဲသူအခြေခံ (mobile customer base)ကို တည်ဆောက်ဖို့ အချွန်သုံးခုနည်းဗျူဟာကို သုံးလာခဲ့ကြသည်။ ပထမတစ်ခုက သုံးစွဲသူအသစ်တွေကို ဆွဲဆောင်ဖို့ voice minutesနှင့် data ပုံစံဖြင့် အခမဲ့ ဝန်ဆောင်မှုပေးခြင်းပင် ဖြစ်သည်။
ဒုတိယက ဖုန်းကိရိယာ (ဟန်းဆက်) မျက်နှာစာမှာဆိုရင် တယ်လီနောက တန်ဖိုးနိမ့် ကိုယ်ပိုင်တံဆိပ် ဟန်းဆက်များကို ထုတ်ရောင်းသည်။ အလားတူစွာ အူရီးဒူးကလည်း အချို့သော ဟန်းဆက်များနှင့် စမတ်ဖုန်းများကို ၀ယ်ယူလျှင် အပိုကြေးများ ပေးလာသည်။
တတိယက အော်ပရေတာနှစ်ဦးစလုံးက အခမဲ့အစီအစဉ် (zero-rated content)များ ကမ်းလှမ်းခြင်းဖြင့် voice users များကို data အဖြစ်သို့ အဆင့်မြင့်ရန် နည်းလမ်းရှာနေခြင်းပင်ဖြစ်သည်။
တယ်လီနောနှင့် အော်ရီဒူးတို့ ဝင်ရောက်လာခြင်းတွင် အလားလာကောင်းများစွာ ရှိနေသော်လည်း နှစ်ခုစလုံးမှာ သုံးစွဲသူများကို ပညာပေးပြီး၊ သုံးစွဲပုံအလေ့အထများကို အသံနှင့် မက်ဆေ့ထက် ကျော်လွန်အောင် ချဲထွင်နေရသကဲ့သို့ မြို့ပြများ၏ အပြင်ဘက် ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားကဲ့သို့သော အခြေခံအဆောက်အအုံများ ချို့တဲ့ရာ ကျေးလက်အထိပါ လက်လှမ်းမီ ရောက်ရှိနိုင်ရန်လည်း ဆက်သွယ်ရေးကွန်ရက်ကို ဆန့်ထုတ်တိုးချဲ့နေရသည်။
တယ်လီနောနှင့် အူရီးဒူး နှစ်ခုစလုံးက လာမည့် ငါးနှစ်တွင် မြန်မာလူဦးရေ၏ ၉၀ မှ ၉၇ ရာခိုင်နှုန်းအထိကို မိုဘိုင်းဆက်သွယ်မှု ထောက်ပံ့ပေးရန် သန္နိဋ္ဌာန်ချထားသော်လည်း လက်ရှိတွင် မြန်မာလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ မြို့ပြ ဧရိယာ၏ အပြင်တွင်သာ နေထိုင်ကြသည်ဖြစ်ရာ ထုနှင့်ထည်နှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်မည် ဖြစ်သည်။
0 မှတ်ချက်ရေးရန်:
Post a Comment